တာချီလိတ်မြို့ ပုန်းထွန် အ.လ.က ကျောင်း မိုးများယိုနေ၍ အခက်တွေ့

တာချီလိတ်မြို့ ပုန်းထွန် အ.လ.က ကျောင်း မိုးများယိုနေ၍ အခက်တွေ့
စက်တင်ဘာ 10, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် စာသင်ခန်း (၈)ခန်းမှာ မိုးရွာသည့်အခါ မိုးရေစက်များ ယိုကျမှုများ နှင့် သံမံတလင်းမှ ရေများ စိမ့်ထွက်လာမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်းကို ကြားသိရ၍ အခြေအနေအမှန်ကို သိရှိနိုင်ရန် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၁၀)ရက် ညနေ (၃း၂၅)နာရီ အချိန်က သွားရောက်၍ ကျောင်းအား ကြည့်ရှု့စစ်ဆေးကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်တို့မှ ထိုသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆင့်က မိုးကျသည့် ကာလများတွင် ကျောင်းခေါင်မိုးမှ မိုးရေစက်များ ကျလာမှုကြောင့် ကလေးသူငယ်များအတွက် စာသင်ကြားမှု အခက်အခဲဖြစ်သလို သံမံတလင်းမှလည်း ရေများ စိမ့်ထွက်လာမှုကြောင့် မကြာခဏ ခပ်ထုတ်ရသည်တို့ကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး အား ရှင်းလင်းတင်ပြကာ ကျောင်းဆောင်၏ အနေအထားနှင့် ကျောင်းခေါင်မိုး အပေါက်များကို လိုက်လံပြသသည်။

"ဒီပုန်းထွန်ကျောင်းက အနိမ့်ပိုင်းဖြစ်နေတော့၊ မိုးရွာတိုင်း အခုလိုပဲ ဖြစ်နေတယ်၊ မြန်မြန်လေး အဆင့်တိုးမြှင့် ဆောက်နိုင်မှ မိုးရာသီကာလတွေမှာ ကလေးတွေအနေနဲ့ စာသင်ကြားပေးနိုင်ဖို့ အဆင်ပြေနိုင်မှာ၊ မဟုတ်ရင်တော့ ဒီအတိုင်းပဲဆိုရင် ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ဘူး"ဟု ပုန်းထွန်ကျောင်းရှိ တန်းပြ ဆရာမတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

အဆိုပါ ကျောင်း၏ အနေအထားနှင့် ကျောင်း၏တည်နေရာသည် ချိုင့်ဝှမ်းသဖွယ် အတွင်း၌ တည်ရှိနေပြီး မိုးရွာသည့် အခါများတွင် ရေကြီးမှုများ ရေနစ်မြှုပ်မှုများကြောင့် စာသင်ကြားရေးကိစ္စရပ်မှာ မကြာခဏဆိုသလို အခက်အခဲဖြစ်ပေါ်နေလေ့ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အမြန်ဆုံး အဆင့်တိုးမြှင့် တည်ဆောက်ဖို့လိုကြောင်းကို ကျောင်းသား မိဘများ၏ ပြောဆိုမှုများအား ကြားသိရသည်။

သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~