တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းဘက်မှ ဖမ်းဆီးကာ မြန်မာသို့ ပြန်ပို့

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းဘက်မှ ဖမ်းဆီးကာ မြန်မာသို့ ပြန်ပို့
စက်တင်ဘာ 8, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြသော တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့မှ စိစစ်ကာ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်လျက်ရှိရာ ယနေ့ စက်တင်ဘာလ(၈)ရက် နံနက်(၁၀)နာရီခွဲအချိန်က တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၃၆)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

"ချင်းမိုင်ကို အလုပ်သွားလုပ်ဖို့ သွားနေရင်းနဲ့ လမ်းမှာ အဖမ်းခံရတဲ့ လူတွေ တော်တော်များများပါသလို၊ လိမ္မော်ခြံ၊ ရော်ဘာခြံ နဲ့ သစ်သီးစိုက်တဲ့ ခြံတွေမှာ အလုပ်လုပ်နေကြပြီး အဖမ်းခံရတဲ့ သူတွေပါတယ်။ ဒီနေ့ အဖမ်းခံရတဲ့အထဲမှာ မိုင်းဆတ်ဘက်ကနေ ၀င်တဲ့ သူတွေလည်းပါတယ်"ဟု မြန်မာဘက်မှာ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"ဒီလိုမျိုး တရားမ၀င် မြန်မာ အလုပ်သမားတွေ ဖမ်းခံရတာ တော်တော်များများပါပဲ၊ ငွေပေးနိုင်ရင် လွှတ်တာရှိသလို၊ ငွေပေးလည်း မလွှတ်ပေးဘဲ အရေးယူတာတွေလည်းရှိတယ်၊ အဓိက ကတော့ သွားရောက် အလုပ်လုပ်ကိုင်မဲ့သူတွေကို လူကုန်ကူးမှုနဲ့ ပတ်သက်တာတွေ၊ အလုပ်သမားရေးရာ ကိစ္စတွေကို စေတနာပါပါနဲ့ အချိန်အခါမရွေး အသိပညာပေးနိုင်ရင် ဒီလိုမျိုး ဖမ်းဆီးခံရမှုတွေ လျော့နည်းလာမယ်လို့ ယူဆရတယ်။ ဘာလို့လည်းဆိုတော့ အဲ့လို အသိပညာတွေရှိသွားရင် ထိုင်းဘက်ကို တရားမ၀င်တဲ့ နည်းလမ်းနဲ့ သွားရောက် အလုပ်လုပ်ကိုင်မှာကို ဆင်ခြင်သွားနိုင်တာပေါ့.."ဟု တာချီလိတ်ဒေသခံ ဦးစိုင်းလှမှ အကြံပြုပြောဆိုသည်။

ထိုသို့ လွှဲပြောင်းလာရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား (၅)ဦး နှင့် အမျိုးသမီး (၂)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား (၉)ဦး နှင့် အမျိုးသမီး (၅)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး(၁)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း အမျိုးသား (၂၃)ဦး နှင့် အမျိုးသမီး (၁၃)ဦး ပေါင်း (၃၆)ဦး ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~