ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံအတွင်း မော်တော်ဆိုင်ကယ်စီးဝင်သူများ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက အရေးယူတော့မည်

ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံအတွင်း မော်တော်ဆိုင်ကယ်စီးဝင်သူများ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက အရေးယူတော့မည်
စက်တင်ဘာ 9, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ပြည်သူ့ဆေးရုံအတွင်း မော်တော်ဆိုင်ကယ်များ ၀င်ရောက် သွားလာမှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၁)ရက်နေ့မှစကာ ဆေးရုံဂိတ်အ၀င်သို့ မော်တော်ဆိုင်ကယ် စီးနင်း/မောင်းနင်းသူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများကို ဆေးရုံအတွင်း ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း စက်တင်ဘာလ ပထမအပတ်တွင်းမှာ လက်ကမ်းစာရွက်များဖြင့် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

"ဒီစက်တင်ဘာလ အတွင်းမှာတော့ ပညာပေးကာလအနေနဲ့ သတိပေးဖို့ လုပ်သွားမယ်၊ သတ်မှတ်ကာလထဲ ရောက်ပြီဆိုရင်တော့ ဒဏ်ငွေဆောင်တဲ့ စနစ်လည်း လုပ်မှာဖြစ်သလို ဦးထုပ်မဆောင်းတဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း ဆေးရုံထဲ ပေးဝင်မှာ မဟုတ်ပါဘူး.."ဟု မယ်ဆိုင်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းသတ်မှတ်ချက်သည် အဆိုပါ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် ဆေးရုံသို့ လာရောက်ကာ ဆေးကုသမှုခံယူသူများ အပါအ၀င်ဖြစ်ပြီး မယ်ဆိုင်ဆေးရုံမှ ၀န်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းကို မလိုက်နာပါက ဥပဒေအရ အရေးယူပြီး ပြစ်မှုမှတ်တွင် နာမည်စာရင်း ထည့်သွင်းသွားမှာ ဖြစ်ကြောင်း အပြင် ယင်းစည်းကမ်းအား မယ်ဆိုင်ဆေးရုံ နှင့် မယ်ဆိုင်ရဲစခန်းတို့ ပူးပေါင်း ဆောင်ရွက်တာဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ဆိုင်ဆေးရုံသည် ထိုင်းနိုင်ငံမှ ပြည်သူများအပြင် တာချီလိတ်မြို့မှ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများလည်း သွားရောက်ကာ ဆေးဝါးကုသမှု ခံယူလေ့ရှိသော ဆေးရုံတစ်ခုဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~