ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အတွင်း၌ ဌာန(၁၀)ခုဖြင့် စုပေါင်းဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)၏ အခြေအနေများကို ၂၀၁၅ခုနှစ် စက်တင်ဘာလ(၂၂)ရက် နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှ လှည့်လည်စစ်ဆေးစဉ် OSS ရုံးတွင် ပါဝင်သည့် ဌာနများသည် ဌာန၏ လုပ်ငန်း တစ်ခုတည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ သက်ဆိုင်ရာဌာန၏ ၀န်ကြီးဌာနကို ကိုယ်စားပြုတာဖြစ်သည့် အတွက် ၀န်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းများကို ပြည်သူများအား ဆောင်ရွက်ပေးနိုင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနဦးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကောင်တာတွင် စစ်ဆေးမှုများပြုလုပ်ရာ လုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ လက်မှတ်ရေးထိုးမည့် ကိစ္စတွင် တာဝန်ရှိသူမှ မအားမလပ်၍သော် လည်းကောင်း၊ အခြားကိစ္စဖြင့် အပြင်သို့ ရောက်ရှိနေ၍သော် လည်းကောင်း၊ ပြည်သူ့ဝန်ဆောင်မှုအတွက် မကြန့်ကြာစေရန် လက်မှတ်ထိုးထားရှိရေး ကိစ္စကိုလည်း ညွှန်ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စည်ပင်သာယာရေး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် Complain Center ( တိုင်ကြားမှုများ လက်ခံဖြေရှင်းပေးသည့်ဌာန)၏ ကောင်တာများသို့ အသေးစိတ် စစ်ဆေးမေးမြန်းကာ ပြည်သူ့ဝန်ဆောင်မှုအဖြစ် အပြည့်အ၀ ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားသည်။
ထိုသို့ လမ်းညွှန်မှာကြားရာတွင် ကျန်းမာရေး နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အနေဖြင့် ကျန်းမာရေးဌာနတွင် မွေးစာရင်းလာယူသူများအား တဆက်တည်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ ညွှန်ကြားပေးကာ လ၀ကမှ မွေးတိုးစာရင်းကို ဆောင်ရွက်ပေးနိုင် သလို၊ ကျန်းမာရေးဌာနတွင် သေစာရင်းလာယူသူများအနေဖြင့်လည်း အိမ်ထောင်စုရှိသူများအနေဖြင့် တဆက်တည်းမှာ လ၀က၌ သေသူ၏ အမည်အား ပယ်ဖျက်နိုင်ကြောင်း ပြောကြားသွားသည်။
သေဆုံးသူများနှင့် ပတ်သက်၍ ကျန်းမာရေးဌာနတွင် သေစာရင်းအား ရယူပြီး အနီးရှိ စည်ပင်သာယာရေးဌာန၏ ကောင်တာတွင် မြို့မသုဿန်၌ သဂြုင်္ိဟ်ခွင့် လက်မှတ်ရယူကာ လ၀က ကောင်တာတွင် သေစာရင်းအား တစ်ချိန်တည်းမှာ ပယ်ဖျက်နိုင်မှာဖြစ်သည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပတ်သက်၍ ဒုဝန်ကြီးမှ စစ်ဆေးရာမှာ ယင်းဌာန အနေဖြင့် အများပြည်သူများအား လွယ်လွယ်ကူကူ ဆောင်ရွက်ပေးစေရေးနှင့် လတ်တလောတွင် OSS ရုံး၌ ဖွင့်လှစ်ထားသည့် ယင်းဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု မရှိသေးသည့်အတွက် OSS ရုံးတွင် ပါဝင် ဆောင်ရွက်နေကြောင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လိုအပ်ကြောင်းနှင့် မြေစာရင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ရက်အတွင်း ပြီးစီးစေရေးအတွက် အလေးထား ဆောင်ရွက်စေလိုကြောင်း မှာကြားသွားသည်။
တာချီလိတ်မြို့တွင် ဌာနဆိုင်ရာ စုစုပေါင်း (၃၅)ခုကျော်ရှိရာ ယခု ဖွင့်လှစ်သည့် OSS ရုံးတွင် ဌာန(၁၀)ခုတည်း ပါဝင်သည့်အတွက် မပါဝင်သေးသည့် ကျန်ဌာနများသည်လည်း OSS ရုံးနှင့် မသက်ဆိုင်ဟု သဘော မထားစေလိုကြောင်း၊ OSS ရုံးတွင် ပါဝင်သည့် ဌာနများအနေဖြင့် ဌာနတစ်ခုတည်း သက်ဆိုင်သည်ဟု မသတ်မှတ်ဘဲ၊ မိမိဌာန၏ မိခင်ဌာနဖြစ်သည့် ၀န်ကြီးဌာနနှင့် သက်ဆိုင်သည့်အတွက် ၀န်ကြီးဌာနလက်အောက်ရှိ ဌာနများသည်လည်း ပြည်သူ့ဝန်ဆောင်မှုရုံးနှင့် သက်ဆိုင်ကြောင်းနှင့် ရုံးကြီးကြပ်ရေးမှူး နှင့် တာဝန်ရှိသူများ အနေဖြင့်လည်း ကျန်ရှိသည့် ဌာနများ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်သူများမှ သိရှိလို၍ မေးမြန်းလာပါက ရှင်းလင်းပြောပြပေးရန်လည်း လိုအပ်ကြောင်း လမ်းညွှန်မှာကြားသွားသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ရာ ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS) ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အဓိကအားဖြင့် ဌာနများ အနေဖြင့် လာဘ်ပေးလာဘ်ယူမှု ကင်းစေရန် အပါအ၀င်၊ ဌာနဆိုင်ရာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်စေရေးနှင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တစ်နေရာတည်း၌ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်းအပြင် OSS ရုံးအား ခရိုင်ရုံးစိုက်ရာ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိရာ ယခု ဖွင့်လှစ်ထားရှိသည့် တာချီလိတ် OSS ရုံးအပါအ၀င် ရုံးပေါင်း (၈၀) ဖွင့်လှစ်ထားရှိပြီး ကျန်ရှိသည့် ရုံးပေါင်း (၂၅၀)အား ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ရာ စုစုပေါင်း OSS ရုံးပေါင်း (၃၃၀)ရှိမှာ ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု One Stop Shop(OSS)ရုံး အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှ ရှင်းလင်းပြောကြားသွားသည်။
တာချီလိတ်မြို့နယ် OSS ရုံးအား ပြည်သူ့ဝန်ဆောင်မှုOne Stop Shop(OSS)ရုံး အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှ လှည့်လည် ကြည့်ရှု စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်(နေပြည်တော်)၊ စီမံရေးရာဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေဝင်း နှင့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဦးမှ လိုက်ပါလာရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက လိုက်လံ ရှင်းလင်းပြသကြောင်းနှင့် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့မှလည်း လာရောက်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်းရှိ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)တွင် ပြည်သူများအတွက် Free Wifi လွှင့်ထားပေးခြင်း၊ စာပေများ ဖတ်ရှု့လေ့လာနိုင်စေရန် စီစဉ်ထားပေးခြင်းအပြင် SkyNet တပ်ဆင်ထားကာ ရုပ်သံပြသပေးထားကြောင်း သိရှိရသည်။
တာချီလိတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)အား သြဂုတ်လ(၁၇)ရက်နေ့က စတင်ဖွင့်လှစ်ထားရှိရာ စက်တင်ဘာလ တတိယပတ်အတွင်း၌ ဌာန(၁၀)ခုတွင် ပြည်သူများအပေါ် လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များအနေဖြင့် လုပ်ငန်းပေါင်း (၃၀၂)ခုကို ၀န်ဆောင်မှုပေးနိုင်ခဲ့ပြီး ဌာနအလိုက်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် လ၀က ဌာနတို့တွင် ပြည်သူ့ဝန်ဆောင်မှုမှာ အရေအတွက် အများဆုံးဖြစ်ကြောင်း တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
သတင်း။ ။ ကိုဇောင်း