လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး သင်တန်းဆင်းပွဲ တာချီလိတ်၌ ပြုလုပ်

လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး သင်တန်းဆင်းပွဲ တာချီလိတ်၌ ပြုလုပ်
ဒီဇင်ဘာ 24, 2015
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်မြို့တွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ အသိပညာ များရရှိပြီး ပြန်လည် ကူညီနိုင်ရန်အတွက် တာချီလိတ်၌ (၃)ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့သည့် လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး သင်တန်း၏ သင်တန်းဆင်းပွဲကို ယနေ့ ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေပိုင်းမှာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ကျိုင်းတုံက ကြီးမှူးဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းအား တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်းတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်သည်။

သင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ တွဲဖက်ပြည်နယ်လူမှု ၀န်ထမ်းရုံး၊ ကျိုင်းတုံ မှဦးစီးအရာရှိ ဒေါ်ခင်ခင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး က သင်တန်းတွင် လူကုန်ကူးခြင်းဆိုင်ရာ အကြောင်းအရာ များအား ပူးပေါင်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့မှုများနှင့် စပ်လျဉ်းပြီး ပြောကြားသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဦးကျော်မြင့်က ကျေးဇူးတင် စကားပြောကြားပြီး၊ သင်တန်းဆင်းလက်မှတ်များကို ဦးစီးအရာရှိ ဒေါ်ခင်ခင်မြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး တစ်ခန်းရပ်ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်သည်။

လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး သင်တန်းတွင် တာချီလိတ်မြို့နယ် အတွင်းရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပရဟိတဂေဟာများ နှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၉)ဦးမှ သင်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် အဓိကအားဖြင့် လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာများ၊ ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊ လူကုန်ကူးခံရသူများနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များ၊ လူကုန်ကူးခံရသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း ဆိုင်ရာများနှင့် ဆွေးနွေးလက်ခံခြင်း အခြေခံ သဘောတရားများအကြောင်း စသည့် ဘာသာရပ်များကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်း ပါဝင် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ လှမြင့်(မြ၀တီ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~