တာချီလိတ်ယာဉ်ထိန်းရဲမှ ဆိုင်ကယ်စီးဦးထုပ်များ ဒုတိယအကြိမ် အခမဲ့ ထပ်ဝေ

တာချီလိတ်ယာဉ်ထိန်းရဲမှ ဆိုင်ကယ်စီးဦးထုပ်များ ဒုတိယအကြိမ် အခမဲ့ ထပ်ဝေ
ဒီဇင်ဘာ 27, 2015
By Tachileik News Agency

၂၀၁၆ခုနှစ် ဇန်န၀ါရီလအတွင်းမှစ၍ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် ထိရောက်စွာ အရေးယူရန် အတွက် ယာဉ်/လမ်း စည်းကမ်း အသိပညာပေး လုပ်ငန်းများကို တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာလအတွင်း အဆက်မပြတ် ပြုလုပ်လျှက်ရှိပြီး ဆိုင်ကယ်ဦးထုပ်များကို အခမဲ့ ပေးဝေမှုအဖြစ် ဒုတိယအကြိမ်ကို ဒီဇင်ဘာလ(၂၆)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီဇင်ဘာလ(၂၅)ရက်နေ့က ရှမ်းရိုးမကွင်းရှေ့မှာ ဆိုင်ကယ်စီးဦးထုပ် အလုံး(၁၀၀)ကို အခမဲ့ ပေးဝေရင်း အသိပညာပေးမှုတွေ လုပ်ခဲ့ပါတယ်၊ အဲ့လိုပဲ ဒီနေ့လည်း ဦးထုပ်အလုံး(၁၀၀)အခမဲ့ ပေးဝေပါတယ်၊ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ရဲ့ အချက်အလက်တွေပါရှိတဲ့ လက်ကမ်းစာရွက်တွေကိုလည်း လာသမျှ ယာဉ်တွေကို ဝေတယ်.."ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒီဇင်ဘာလ(၂၆)ရက်နေ့က တာချီလိတ် - ကျိုင်းတုံသွားလမ်း၊ မီးပွိုင့်အနီးတွင် အသိပညာပေးကာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ပေးဝေခြင်းဖြစ်ရာ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုက နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းလာသည့် မော်တော်ဆိုင်ကယ်များကို တားပြီး အခမဲ့ ပေးဝေခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ ပညာပေးကာလအဖြစ် ဒီဇင်ဘာလအတွင်း အပြီး ပြုလုပ်သွားမှာဖြစ်ပြီး  ၂၀၁၆ခုနှစ် ဇန်န၀ါရီလထဲတွင် စတင်၍ ဥပဒေသစ်ဖြင့် အရေးယူတော့မှာ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ဓါတ်ပုံ။ ။ #ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~