တာချီလိတ် Mobile Team မှ ဖမ်းဆီးသိမ်းဆည်းထားသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
"သူတို့အဖွဲ့ရဲ့ တာဝန်ကို ဘယ်လိုဆက်ပြီး လွှဲပြောင်းယူမယ်ဆိုတာ့တော့ ညွှန်ကြားချက်မရသေးလို့မသိဘူး၊ ဖမ်းဆီးထားတဲ့ တရားမ၀င်ကုန်စည်တွေနဲ့ ပါတ်သက်တဲ့ အမှုတွဲတွေကိုတော့ စိစစ်နေပါတယ်"ဟု တာချီလိတ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်းထားသော ကုန်စည်များအနက် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းအတိုင်း ဖျက်ဆီးပစ်မည်ဖြစ်ပြီး ကျန်ကုန်စည်များအား ဥပဒေအတိုင်း လေလံစနစ်ဖြင့် နိုင်ငံတော် ဘဏ္ဍာငွေရရှိရန် ပြန်လည် ရောင်းချနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းထံမှသိရသည်။
တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၏ စက်တင်ဘာလအထိ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ (၃၅.၀၀၇)သန်းရှိပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆.၈၁၈)သန်းရှိပြီး၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၈.၁၈၉)သန်းရှိကြောင်း သွင်းကုန်အများစုမှာ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသာ အများစုဖြစ်ကြောင်း သိရှိရသည်။