ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ အထင်ကရ နေရာဖြစ်သည့် နောင်တုံကန်အတွင်း အပျော်တမ်းစီး ခြေဖြင့်နင်းရသည့် လှေငယ်များကို စီးနိုင်ပြီဖြစ်ကြောင်း သိရသည်။
"အခုလောလောဆယ်ကတော့ ခြေနဲ့နင်းရတဲ့ လှေငယ်(၄)စီး နဲ့ စက်နဲ့သွားတဲ့ လှေငယ်(၂)စီး စုစုပေါင်း (၆) စီး ထား ထားပါတယ်။ နောက်ပိုင်း အခြေအနေ ကြည့်ပြီး လူဝင်စီးလို့ရတဲ့ ဘောလုံးတွေလည်း ထားဖို့ အစီအစဉ် ရှိပါတယ်"ဟု အပျော်တန်းလှေငယ်စီး ၀န်ဆောင်မှုမှ မအားရှဲန်က ပြောသည်။
ခြေဖြင့်နင်းရပြီး စီးရသည့် လှေငယ်တစ်စီးလျှင် လူလေးယောက်အထိ စီး၍ရပြီး တစ်နာရီလျှင် ငါးထောင်ကျပ် နှင့် စက်ဖြင့် စီးရသည့် လှေငယ်တစ်စီးလျှင် တစ်နာရီလျှင် တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။
"အခုက အစပဲရှိနေသေးတာဆိုတော့ အခြေအနေကြည့်နေတာပါ၊ လူစီးများလာရင် လှေစီးရင်း ငါးစာကျွေးလို့ ရအောင် ငါးစာတွေလည်း ရောင်းပေးဖို့ စီစဉ်ထားပါတယ်။ ငါးတွေက ညနေဆို တက်လာပါပြီ"ဟု မအားရှဲန်က ပြောသည်။
အဆိုပါ လှေငယ်စီးဝန်ဆောင်မှုအား ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လှေစီးနင်းသူများအား အသက်ကယ်အင်္ကျီများလည်း ဝတ်ဆင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။