ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်၏ (၂၄)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်း နှစ်သစ်ကူး ပွဲတော်ကို ကျင်းပပြုလုပ်ရာ လားဟူတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် နှစ်ထောင်ကျော် လာရောက် ဆင်နွှဲကြောင်း သိရသည်။
"မိုင်းဖြတ်မှာ လားဟူတိုင်းရင်းသားတွေရှိတဲ့ တောင်ပေါ်ရွာတွေက အစ လာကြတာ။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပဲ လူအင်အား (၂၀၀၀)ကျော်တယ်။ တစ်ရက်ထဲ ကျင်းပတဲ့ ပွဲပါ"ဟု မိုင်းဖြတ်ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ပွဲတော်အား တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ၀မ်ပုံပြည်သူ့စစ်စခန်းတွင် ဇန်န၀ါရီလ (၆)ရက်နေ့က ကျင်းပ ပြုလုပ်ခြင်းဖြစ်သည်။
"ပွဲတော်ကိုလာကြတဲ့ လားဟူတိုင်းရင်းသားတွေနဲ့ ဧည့်သည်တော်တွေကို နေ့လယ်စာနဲ့ ပွဲတော် ကျင်းပရေး ကော်မတီက ဧည့်ခံကျွေးမွေးကြပါတယ်။ မိုင်းဖြတ်မှာ ကျင်းပတဲ့ လားဟူတိုင်းရင်းသား ရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်မှာ နှစ်စဉ်လိုလိုပါပဲ။ စည်ကားပါတယ်။ တာချီလိတ်မှာတော့ ရေပူစမ်းစံပြ ကျေးရွာမှာ လုပ်တယ်လို့ သိရတယ်ဗျ"ဟု မိုင်းဖြတ်ဒေသခံမှ ပြောပြသည်။
(၂၄)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှုး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် တပ်ရင်းမှူးများ၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မိုင်းဖြတ်မြို့နယ် ၀မ်ပုံပြည်သူ့စစ် စခန်းမှ နမ့်ယွန်းပြည်သူ့စစ် ခေါင်းဆောင် ဦးဝင်းဇာနည်မွေ (ခ) တူးတူး နှင့် လားဟူတိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ဓါတ်ပုံနှင့်သတင်း။ ။ ကိုသာ(မိုင်းဖြတ်)