ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွင်း၌ မြို့နယ်အဆင့်မှ ပြည်နယ်အဆင့်ထိ Miss ပြိုင်ပွဲများကို ၂၀၁၆ခုနှစ် ဇန်န၀ါရီလအတွင်းမှ စ၍ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးများအထိ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့်အဖြစ် ပြိုင်ပွဲများကို ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် လည်းကောင်း၊ တာချီလိတ်မြို့တွင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်တရုတ်ဘုံကျောင်းအပိုင် မင်္ဂလာခန်းမတွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားမှာဖြစ်သည်။
"ပြိုင်ပွဲဝင်သူများနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် အနေနဲ့ ပညာ အရည်အချင်းကတော့ အနည်းဆုံး (၁၀)တန်း တက်နေရပါမယ်၊ အသက် (၁၆)နှစ်ကနေ (၂၆)နှစ်အကြား သတ်မှတ်ထားပါတယ်၊ အသက်(၁၈)နှစ်အောက်ဆိုရင်တော့ မိဘထောက်ခံချက် ပါရမှာပါ၊"ဟု Miss Tachileik 2016 တာဝန်ခံ မကြည်ကြည်ခိုင်က ပြောသည်။
ပြိုင်ပွဲကြီးများကို မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့် အဖြစ် ခွဲခြားသတ်မှတ်ကာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ မြို့နယ်နှစ်ခုမှ ထွက်ပေါ်လာသော Top 10 Finalist (၁၀)ဦးစီ စုစုပေါင်း (၂၀)ဦးတို့ကို ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့်ပြိုင်ပွဲ အဖြစ် ၂၀၁၆ခုနှစ် မတ်လအတွင်း၌ ဆက်လက်၍ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပြည်နယ်အဆင့် ပြိုင်ပွဲမှ ပထမဆု ရရှိသူ Miss East Shan State 2016 သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုယ်စားပြုကာ နိုင်ငံအဆင့်အဖြစ် ကျင်းပသော Miss Golden Land Myanmar ပြိုင်ပွဲကြီးတွင် ဆက်လက်၍ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲများအား Miss Golden Land Myanmar Organization နှင့် လက်တွဲကာ Miss East Shan State Organization မှ ပြည်နယ်ကိုယ်စားပြု အဆင့်ဆင့်သော အလှမယ် ရွေးချယ်မှုအဖြစ် ကျင်းပ သွားမှာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွင်း၌ ကျိုင်းတုံမြို့နယ် နှင့် တာချီလိတ်မြို့နယ် အတွင်းသာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် Miss Tachileik 2016 အတွက် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် လျှောက်လွှာများကို ဇန်န၀ါရီလ(၃၁)ရက်နေ့ ပိတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကြိုတင်လေ့ကျင့်မှုများနှင့် အလှဓာတ်ပုံရိုက်ကူးမှုများကို ပြုလုပ်မှာဖြစ်သည့်အတွက် ပြိုင်ပွဲနှင့် ပတ်သက်၍ တာချီလိတ် တာဝန်ခံ မကြည်ကြည်ခိုင်၏( မြန်မာဖုန်း - 09420083454 ) ဖုန်းအား ဆက်သွယ်ကာ စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။