၂၀၁၆ခုနှစ် အားကစားဝန်ကြီးဌာမှ ကြီးမှူးကျင်းပပြီး ဒုတိယအကြိမ်မြောက် TSDP (Township Sports Development Program)အစီအစဉ်အရ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အားကစား ပြိုင်ပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ကျိုင်းတုံမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
"ဒီ TSDP အစီအစဉ်ကို ကျိုင်းတုံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ပထမအကြိမ်ကို တာချီလိတ်၊ ပင်းတယ၊ ကလော၊ မူဆယ်၊ ကျောက်မဲ စတဲ့မြို့တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယ အကြိမ်ကိုတော့ ကျွန်တော်တို့ ကျိုင်းတုံနဲ့ တခြားမြို့တွေဖြစ်တဲ့ ပင်လုံ၊ ရပ်စောက်၊ လားရှိုး၊ သီပေါ စတဲ့ မြို့တွေမှာလည်း ကျင်းပသွားမှာဖြစ်ပါတယ်.."ဟု ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ပြောသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ ဘိလိယက်နှင့် ကြက်တောင် စုစုပေါင်း အားကစား နည်း(၅)မျိုးပါဝင်မည် ဖြစ်ပြီး၊ ဖွင့်ပွဲအတွက် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူဦးရေ (၈၀၀)ဝန်းကျင်ခန့်က ကာယလေ့ကျင့်ခန်းများကို ဇန်နဝါရီလ (၁၈)ရက် မနက်စောပိုင်းက ယင်းကွင်း၌ အစမ်းလေ့ကျင့်ခြင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာကတော့ စားပွဲတင် တင်းနစ်ပြိုင်ပွဲဖြစ်ပါတယ်၊ ကျား(၄)ဦး၊ မ(၄)ဦး စုစုပေါင်း(၈)ဦး ပါဝင်ယှဉ်ပြိုင် ကြမှာပါ..."ဟု ကာယလေ့ကျင့်ခန်း ဆရာမ ဒေါ်သန္တာဆွေက ပြောသည်။
အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စုစုပေါင်း (၁၈)သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် အယောက်(၅၀)၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲအတွက် (၆၄)ဦး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲအတွက် (၁၆)သင်းနှင့် ဘိလိယက်ပြိုင်ပွဲအတွက် (၁၆)ဦးတို့ စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို မြို့နယ် အားကစားကွင်းတွင် လည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲကို မြို့နယ်အားကစားကွင်းရှိ ကြက်တောင်ခန်းမတွင် လည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲကို နောင်ခမ်းမူကြို အနီးရှိ ဘိလိယက်ကစားရုံတွင် လည်းကောင်း စသည့် နေရာ အသီးသီးတွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး စားပွဲတင် တင်းနစ်ပြိုင်ပွဲအတွက် ကျင်းပမည့် နေရာကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။
သတင်း။ ။ ကောင်းမြတ် ၊ ဖူးနှင်းဖြူ
ဓါတ်ပူံ။ ။ ဇောင်းညီ