ရှမ်းရဟန်းတော်များ ရှမ်းရိုးရာ ပရိဝါသ (ကံဆောင်) အပြစ်ကင်းစင်ရန် တရားထိုင်မှု မိုင်းဖြတ်၌ ပြုလုပ်

ရှမ်းရဟန်းတော်များ ရှမ်းရိုးရာ ပရိဝါသ (ကံဆောင်) အပြစ်ကင်းစင်ရန် တရားထိုင်မှု မိုင်းဖြတ်၌ ပြုလုပ်
ဇန်နဝါရီ 20, 2016
By Tachileik News Agency

ရှမ်းရဟန်းတော်များ ရှမ်းရိုးရာ ပရိဝါသ(ကံဆောင်) အမှားကျုးလွန်ထားရှိပါက အပြစ်ကင်းစင်ရန်အတွက် တရားထိုင်ခြင်းအဖြစ် (၁၀)ရက်တိုင်တိုင် မိုင်းဖြတ်မြို့နယ်ရှိ သမိုင်းဝင် ထိပ်ပိုင်းနဂါးစေတီတော်တွင် ကျင်းပပြုလုပ်ကြသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ၀မ်ပုံကျေးရွာအုပ်စု၊ ၀မ်ယန်းကျေးရွာအနီးရှိ သမိုင်းဝင် ထိပ်ပိုင်း နဂါးစေတီတော် ပရဝဏ်အတွင်း၌ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရှမ်းရဟန်းတော်များမှ ရှမ်းရိုးရာအရ ပရိဝါသ(ကံဆောင်) အမှားကျူးလွန်ထားရှိပါက အပြစ်ကင်းစင်ရန်အတွက် တရားထိုင်ခြင်းကို ဇန်န၀ါရီလ(၁၄)ရက်နေ့မှ ဇန်န၀ါရီလ(၂၄)ရက်နေ့အထိ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်း ဗုဒ္ဓဘာသာ ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ တရားထိုင်ပွဲသို့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ဝင် ဈေးတန်းကျောင်းတိုက်မှ ဆရာတော် ဦးဓမ္မပါလ၊ မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော် ဦးပညာဝံသ (၀မ်ဟွေကျောင်းတိုက်)တို့မှ ဦးစီးပြီး ရှမ်းဗုဒ္ဓဘာသာဂေါပကအဖွဲ့တို့မှ ပြုလုပ်တာဖြစ်ကြောင်း သိရသည်။

"အရင်တုန်းကတော့ ကောက်ရိုးတဲလေးတွေနဲ့ တရားထိုင်ကြတာ၊ အခုကတော့ ရိပ်သာအဖြစ်လည်း အသုံးပြုရအောင်လို့ ဆိုပြီး အုတ်တွေနဲ့ အခန်းဖွဲ့ထားကြပါတယ်၊ ဒီနေရာမှာက နှစ်စဉ် ပြုလုပ်နေတာပါ.."ဟု ဒေသခံ တစ်ဦးက ဆိုသည်။

(၁၀)ရက်တာကျင်းပပြုလုပ်မည့် အဆိုပါ တရားထိုင်ခြင်းနှင့် အလှူပွဲသို့ အလှူရှင်များမှ အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လာရောက်၍ လှူဒါန်းလျှက်ရှိရာ ဇန်န၀ါရီလ (၁၉)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းနေ ပလက်တီနမ်စတားဟိုတယ် ပိုင်ရှင် ဒေါ်နန်းဖောင်းမိသားစုတို့မှလည်း လာရောက်၍ လှူဒါန်းသွားကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ။   ။ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~