ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းကို ဆောင်ရွက်နေရာ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ရန်အတွက် ၀င်ရောက် အရွေးချယ်ခံသူ နှစ်ဦးအနက် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် ပြန်လည်အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအား ဇန်န၀ါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ပြုလုပ်ခြင်းဖြစ်သည်။
"တတ်နိုင်သလောက် ရပ်ကွက်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်သွားမှာပါ။ နောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ရပ်ကွက်အကျိုးကို ဆောင်ရွက်သွားမှာပါ "ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် ဦးစိုင်းကျောက်က ပြောသည်။
ဆယ်အိမ်မှူး (၇၁)ဦးရှိသည့် ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသို့ မဲလာမထည့်သူ (၅) ဦး၊ ပယ်မဲ (၃)ခုပါဝင်ပြီး ယှဉ်ပြိုင်သူနှစ်ဦးအနက် အသစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးစိုင်းလုံက (၂၉) မဲ၊ လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးစိုင်းကျောက်က (၃၄) မဲ ရရှိခဲ့ခြင်း ဖြစ်သည်။
သတင်း/ဓါတ်ပုံ။ ။ ဇောင်းညီ