ကျိုင်းတုံ တက္ကသိုလ် ကြက်ခြေနီအသင်းရှေးဦး သူနာပြုစုခြင်း သင်တန်းဆင်း အခမ်းအနားအား ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်၌ ခေမရဠ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"သင်တန်းကို ကျောင်းသား/ကျောင်းသူ(၆၀)နဲ့ သင်တန်းကာလ(၅)ရက် သင်ကြားပေးခဲ့တာပါ၊ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)ကို သင်ပေးတာပါ"ဟု သင်တန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၆၀)အား ဇန်န၀ါရီ(၁၅)ရက်မှ (၁၉)ရက်နေ့အထိ အခြေခံ ရှေးဦးသူနာပြုစုနည်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာကျော်စိုးမြင့်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်စန်းစန်းဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း တွဲဖက်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာ သိန်းငွေနှင့် ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသီတာအေး၊ ပါမောက္ခ သတ္တဗေဒဌာန တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ(ICRC)မှ Kdnor Panglung (Head of Office Kyaing Tong)နှင့် မေဂျာပေါင်းစုံမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းတွင် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကာ ဒုတိယပါမောက္ခချုပ် ဆရာမကြီးနှင့် ဒေါက်တာနွယ်နီတင် တို့က သင်တန်းပို့ချပေးသော ပြည်နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ ကြောင်းသိရသည်။
ကြက်ခြေနီအသင်း ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက သဏ္ဍာန်သရုပ်ဖော်ပြသခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တွဲဖက်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ဆေးအိတ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ။ ။ ဖူးနှင်းဖြူ