မကွေးတိုင်းဒေသကြီးအတွင်း အသက်(၁၃)နှစ်အရွယ်အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံပြေးအား တာချီလိတ်မြို့မရဲစခန်းမှ မကွေးတိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရန် ရမန်ရယူဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါတရားခံအား တာချီလိတ်မြို့တွင် တပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဇန်နဝါရီလ(၁၉)ရက်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းထဲမှာ တရားခံပြေးတစ်ယောက်ရှိတယ် သတင်း ကြားလို့သွားဖမ်းတာပါ။ ကောင်မလေးကို အလိုမတူဘဲ နှစ်ရက်လောက် ခိုးယူပေါင်းသင်းလို့ မကွေးတိုင်းမှာ
အမှုဖွင့်ထားတဲ့ တရားခံပြေးတစ်ယောက်ပါ”ဟု တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူး ကျော်သန်းကဆိုသည်။
အမှုဖွင့်ခံထားရသည့် အသက်(၂၃)နှစ်အရွယ် လင်းလင်းကို(ခ)မှဲ့ကြီးသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ နယ် မန်ကျည်းကုန်းကြီးကျေးရွာမှ အသက်(၁၃)နှစ် မိန်းကလေးတစ်ဦးအား လွန်ခဲ့သည့်နှစ်လခန့်က သား မယားအဖြစ်တစ်ကြိမ်ပြုကျင့်ပြီး နှစ်ရက်ခန့် ခိုးယူပေါင်းသင်းခဲ့ကာ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရသည်။
“ဒီလို သက်ငယ်မုဒိန်းကျင့်တဲ့သူကတော့ ပြစ်ဒဏ်မကျမရှိဘဲ အနည်းဆုံး(၁၀)နှစ်အထက်ပဲ။ သားသမီးချင်း ကိုယ်ချင်းစာပြီး လုံးဝမလုပ်သင့်တဲ့ပြစ်မှုမျိုး။ ကလေးမလေးက တစ်သက်လုံး စိတ်ဓာတ်အနာတရ
ဖြစ်သွားနိုင်တယ်”ဟု ဥပဒေ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသော တရားခံပြေးအား နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်း မှတ် တမ်းထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော လင်းလင်းကို(ခ)မှဲ့ကြီးအား မကွေးမြို့သစ်မြို့မရဲစခန်းမှ (ပ)၁၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး တာချီလိတ်မှ မကွေးရဲစခန်းသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက် ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။