အရှည်ပေ(၁၂၀၀)ရှိသည့် မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲခင်းကျင်းမှု မိုင်းဖုန်းဒေသ၌ ပြီးစီး

အရှည်ပေ(၁၂၀၀)ရှိသည့် မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲခင်းကျင်းမှု မိုင်းဖုန်းဒေသ၌ ပြီးစီး
ဖေဖော်ဝါရီ 3, 2016
By Tachileik News Agency

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်မှ ချပေးလာသော လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ထဲမှ သတ်မှတ်ငွေကြေးများကို အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် ပြီးစီးထားသည့် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဟွေယုန်းကျေးရွာ နှစ်ရွာ ဖြတ်သန်းသွားလာသော လမ်းကို ဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက စတင်အသုံးပြုခြင်း အထိမ်းအမှတ် အနေဖြင့်  ဖွင့်ပွဲ ပြုလုပ်ခဲ့ကြသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဟွေယုန်းကျေးရွာ၌ ကျေးရွာနှစ်ရွာအား ဖြတ်သန်းသွားလာသော မြေနီလမ်းကို လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ပြည်ခိုင်ဖြိုးပါတီ နှင့် ကျေးရွာသူ၊ ကျေးရွာသားများမှ ပူးပေါင်းကာ အရှည်ပေ(၁၂၀၀)ရှိသည့် ကွန်ကရစ်လမ်းအဖြစ် စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

"လွှတ်တော် ရန်ပုံငွေအနေနဲ့ တစ်နှစ်ကို တစ်မြို့နယ် ကျပ်သိန်းတစ်ထောင်ချပေးတာပါ၊ ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခုကို ကျပ်သိန်း (၅၀)ပဲ အသုံးပြုခွင့်ပေးပြီး၊ ဖွံ့ဖြိုးရေးလုပ်ငန်း အခု (၂၀) ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ အခုလို ကျေးရွာများကို ရေရရှိရေးတို့၊ လမ်းများလုပ်ပေးခြင်းတို့ကို လုပ်ပေးပြီးပြီ ဖြစ်တဲ့ အတွက် ဒေသခံများ အနေနဲ့ ဆက်လက် တည်တံ့ကြာရှည်ရန် ထိန်းသိမ်းဖို့ပဲ လိုပါတယ်" ဟု တာချီလိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဟွေယုန်းကျေးရွာတွင် အာခါတိုင်းရင်းသားအများစု နေထိုင်ကြပြီး အကျယ် (၁၀) ပေ နှင့် အရှည် (၁၂၀၀)ပေရှိသော ကွန်ကရစ်လမ်းအား ကျေးရွာနှစ်ရွာ အကြားနေထိုင်သော ဒေသခံ လူဦးရေ (၂၅၀)ကျော်မှ နေ့စဉ်အသုံးပြုကာ ဖြတ်သန်းသွားလာရသော လမ်းဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ဒီလမ်းက မြေနီလမ်းဆိုတော့ မိုးတွင်းဆို သွားရ၊ လာရ ခက်တယ်။ အခု ကွန်ကရစ်လမ်းဖြစ်သွားတော့ တော်တော်လေး အဆင်ပြေသွားတယ်။ ကျေးရွာအတွက် လမ်းလည်း အဆင်ပြေသွားပြီ၊ ရေလှောင်ကန်လည်းရှိပြီ၊ မြို့နဲ့ဝေးတော့ မီးကတော့ အဆင်မပြေသေးဘူး ဆိုလာမီးရဖို့
တောင်းဆိုချင်ပါတယ်၊ ဒါမှ ကျေးရွာတွေလည်း အမြန်ဖွံ့ဖြိုးလာမှာ"ဟု ဟွေယုန်းကျေးရွာမှ
ဦးအားလောင်က ပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~