ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဘောလုံးကန်ရာတွင် လောင်းကြေးထည့်သွင်းခြင်းမပြုရန် AAC တိုက်တွန်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဘောလုံးကန်ရာတွင် လောင်းကြေးထည့်သွင်းခြင်းမပြုရန် AAC တိုက်တွန်း
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency

 ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဘောလုံးကန်ရာတွင် အပျော်သဘောဖြင့်ပင် လောင်းကြေးထည့်သွင်းခြင်းမပြုရန် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်(AAC)မှ ထိုင်းနိုင်ငံရောက်မြန်မာများအား တိုက်တွန်းလိုက်သည်။

"ဘောလုံးကန်တာ ရိုးရိုးသားသား ကန်ကြစေချင်တယ်။ (၁၀)ဘတ်ကြေးတောင်မကန်စေချင်ဘူး။ အခု ရေသန့်ဘူးဖိုးကြေးကန်တာတောင် ထိုင်းဥပဒေအရ အရေးယူလို့ရတယ်။ ဒါကြောင့် ဘာကြေးမှမပါဘဲ ဘောလုံးရိုးရိုးသားသားပဲ ကန်စေချင်တယ်ဗျာ"ဟု AAC မှ ကိုရဲမင်းကဆိုသည်။
ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် ဘောလုံးကစားနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား လောင်းကစား လုပ်သည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၆)ရက်နေ့က ဖမ်းဆီးလိုက်သဖြင့် AAC မှ လိုက်လံဖြေရှင်းပေးခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းသည်။
ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်း မြန်မာအလုပ်သမားများအား တနင်္ဂနွေနေ့များတွင် ဘောလုံးကန်ခြင်းအား လိုက်လံ ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး ဖမ်းဆီးထားသော မြန်မာအလုပ်သမားများအား ထချလုံရဲစခန်း အချုပ်တွင်ဖမ်းဆီးထားသဖြင့် (AAC)မဟာမိတ်အဖွဲ့မှ လိုက်လံ ဖြေရှင်းပေး၍ ယခုလွတ်မြောက်သွားပြီ ဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်(AAC)မှ သိရသည်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်း မြန်မာနိုင်ငံသားမှာ ၂၀၁၄ ခုနှစ် စစ်တမ်းအရ လူဦးရေ(၅)သိန်းကျော်ရှိခဲ့ရာ ယခု (၂၀၁၆)ခုနှစ်တွင် (၆)သိန်းကျော်ခန့်ရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ဆိုင်ရာ စစ်တမ်းများအရသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net