ငြိမ်းချမ်းရေးကို ကြိုဆိုသည့် မိုင်းဖြတ် လူထု(၄၀၀)ခန့်မှ ဆန္ဒထောက်ခံပွဲ ဆင်နွှဲ

ငြိမ်းချမ်းရေးကို ကြိုဆိုသည့် မိုင်းဖြတ် လူထု(၄၀၀)ခန့်မှ ဆန္ဒထောက်ခံပွဲ ဆင်နွှဲ
ဖေဖော်ဝါရီ 9, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား ဒေသခံ တိုင်းရင်းသား လူဦးရေ (၄၀၀)ခန့်  ကြိုဆိုထောက်ခံပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

"နယ်မြေအေးချမ်းပြီး လုံခြုံမှု အပြည့်အ၀ရရှိဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေလုပ်တာကို ကြိုဆိုတဲ့အနေနဲ့ ထောက်ခံတာပါ၊"ဟု မိုင်းဖြတ်မြို့နယ် အာခါတိုင်းရင်းသား ဦးဖရန်စစ္စကိုက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံပွဲအား စစ်ကြောင်း(၂)ခုဖြင့် စီတန်းလှည့်လည်ခဲ့ပြီး မိုင်းဖြတ်မြို့ပေါ်ရှိ ၀မ်မိုင်ရပ်ကွက်ဘက်မှ စစ်ကြောင်း(၁)ကြောင်းနှင့်၊ မိုင်းဖြတ်ကျေးရွာအုပ်စုမှ စစ်ကြောင်းတစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက်ခဲ့ကာ ဘုရင့်နောင်ခန်းမတွင် စုဝေးကာ အခမ်းအနားအား ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။

"ငြိမ်းချမ်းရေးရရှိရင် ပြည်သူတွေ လုပ်ကိုင်စားသောက်ရတာလဲ အဆင်ပြေသွားမယ်၊ ကျန်းမာရေး၊ ပညာရေးလဲ အဆင့်အတန်းမြင့်လာမယ် ဒါကြောင့် ထောက်ခံတာပါ"ဟု ဒေသခံ တစ်ဦးမှပြောသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့မိ မြို့ဖ ဖြစ်သူ အာခါတိုင်းရင်းသား ဦးအားတေမှ ဆောင်ရွက်ပြီး ရှမ်းတိုင်းရင်းသား ဦးစိုင်းခမ်းကျန် မှ အဆိုတင်သွင်း ကာ အာခါတိုင်းရင်းသား ဦးဖရန်စစ္စကို မှ ထောက်ခံခဲ့ကြောင်း၊ ထောက်ခံပွဲတွင် NGO အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အထောက် အကူပြုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။  ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~