တာချီလိတ်မြို့တွင် ဇီဝက အခမဲ့ ဒါနဆေးကုသခန်း သုံးထပ်အဆောက်အဦသစ် စတင်ဖွင့်လှစ်

တာချီလိတ်မြို့တွင် ဇီဝက အခမဲ့ ဒါနဆေးကုသခန်း သုံးထပ်အဆောက်အဦသစ် စတင်ဖွင့်လှစ်
ဖေဖော်ဝါရီ 9, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အခမဲ့ ဆေးခန်းဖြစ်သည့် ဇီဝကအခမဲ့ ဒါနဆေးကုသခန်း အဆောက်အဦအား စေတနာ အလှူရှင်များ၏ စုပေါင်းငွေဖြင့် ဖေဖော်ဝါရီလ (၉)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

အဆိုပါဆေးခန်းအား လွန်ခဲ့သည့် (၃)နှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူနာပေါင်း (၁၉,၂၇၅)ဦး အား အခမဲ့ကုသပေးခဲ့ကြောင်း၊ နေ့စဉ် လူနာဦးရေ(၃၀) မှ (၅၀) ဦးအထိ ဆေးဝါး ကုသပေးနေရခြင်း ဖြစ်ကြောင်း နှင့် ဆေးခန်း အဆောက်အဦအဖြစ် သုံးထပ် အဆောက်အဦအသစ်အား အလှူငွေ ထိုင်းဘတ် (၁,၉၆၇,၀၀၀)ဘတ်နှင့် ကျပ်ငွေ (၈၇၅၀,၀၀၀) ကုန်ကျခံကာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"အဓိက ဆေးခန်းကို ဖွင့်လှစ်တာက ဆေးကုဖို့ ငွေကြေးမတတ်နိုင်တဲ့လူနာတွေ ဆေးရုံဆေးခန်း မတက်ရောက်နိုင်တဲ့ လူနာတွေ၊ နာတာရှည် ကျန်းမာရေး ခံစားနေရသူတွေ အတွက် ဖွင့်ထားတာပါ။"ဟု ဇီဝကအခမဲ့ ဆေးခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က ပြောသည်။

အဆိုပါ ဆေးခန်းသို့ လာရောက်ကုသမှုခံယူသူများမှာ တောင်ပေါ်ဒေသများမှ လားဟူ ၊ အာခါများအပြင် ကျိုင်းတုံမြို့မှ လူနာများပါ လာရောက်ကြကြောင်း သိရသည်။

"အဆောက်အဦဆောက်ဖို့ ထိုင်းဘတ်ငွေ တစ်ဆယ့်ငါးသိန်းခန့် တန်ဖိုးရှိ ၂၂ ပေ၊ ပေ ၇၀ ပတ်လည် မြေကွက်ကို မတည်လှူဒါန်းထားတာပါ။ ဘာလို့လဲဆိုတော့ တာချီလိတ်မှာက သာရေးနာရေးအတွက် အသင်းတွေပဲ ဖွဲ့ထားဖြစ်တယ်။ စဉ်းစားမိတော့ ရှင်ရေးအတွက် အခမဲ့ဆေးခန်း မရှိသေးတာနဲ့ အခုလို ဆောက်လုပ်နိုင်ဖို့ ပါဝင်ကူညီလှူဒါန်းဖြစ်တာပါ"ဟု မြေကွက်အလှူရှင် ဦးထွန်းနေဦးက ပြောသည်။

အဆိုပါ အဆောက်အဦဖွင့်ပွဲတွင် တက်ရောက်လာသူများက ဆေးခန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ရပ်နီးရပ်ဝေးမှ လှူဒါန်းလိုသူများအတွက်လည်း ဆေးပဒေသာပင်အဖြစ် လစဉ်အလှူငွေများ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးထပ်အဆောက်အဦ ဆေးခန်းဖွင့်ပွဲသို့ ရွှေည၀ါဆရာတော်မှ ကြွရောက်ချီးမြှင့်ခဲ့ပြီး စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ တာချီလိတ်ခရိုင်ဆေးရုံအုပ် ဒေါက်တာ ဇင်ကိုကိုအောင် နှင့် မြေ၊အဆောက်အဦအလှူရှင် ဦးထွန်းနေဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~