တာချီလိတ် စေတနာရှင်များ လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ နမ့်ဆန် မီးဘေးသင့် ပြည်သူများထံ ရောက်ရှိ

တာချီလိတ် စေတနာရှင်များ လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ နမ့်ဆန် မီးဘေးသင့် ပြည်သူများထံ ရောက်ရှိ
ဖေဖော်ဝါရီ 10, 2016
By Tachileik News Agency

နမ့်ဆန်မြို့မီးဘေးသင့် ပြည်သူများအား တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက မဟာဂန္ထ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစနက ဦးစီးသည့် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ် စေတနာရှင်များအား ကိုယ်စားပြုကာ ကျပ်သိန်း(၄၀၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် နမ့်ဆန်မြို့သို့ ရောက်ရှိပြီး မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။

နမ့်ဆန်မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းရန်အတွက် တာချီလိတ်စေတနာရှင်များကိုယ်စား ဦးအောင်ဖြိုးရှိန်၊ ဦးစ၀်စိုးလင်း နှင့် ကိုမင်းကိုတို့မှ မော်တော်ယာဉ်(၃)စီးဖြင့် တာချီလိတ်မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်(၁၀)နာရီက ထွက်ခွာသွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ရောက်ရှိကာ လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"လားရှိုးက တက္ကသိုလ်ကျောင်းသားတွေလည်း လာရောက်ပူးပေါင်းကူညီကြတယ်၊ ဒီက ပလောင်ဆရာတော်နဲ့ ချိတ်ဆက်ပြီး မီးဘေးသင့်ပြည်သူတွေရဲ့ လက်ထဲအရောက် ပေးအပ် လှူဒါန်းလိုက်ပါတယ်"ဟု အနန္တဂုဏ်ရည်ပရဟိတအဖွဲ့ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

သွားရောက် လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများမှာ ပစ္စည်းအသစ် အများဆုံးပါဝင်ပြီး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာများနှင့် အ၀တ်အစားများ အပါအ၀င်၊ မိန်းကလေး အသုံးအဆောင်၊ ကလေး အသုံးအဆောင် နှင့် အမျိုးသား အသုံးအဆောင်ပစ္စည်းများ စသည့် အမျိုးအမည် (၃၈)မျိုး ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်ပြီး ကျပ်သိန်းပေါင်း (၄၀၀)ကျော် ထောက်ပံ့ပ္စည်းများအပြင်၊ မီးဘေးသင့် ပြည်သူများအတွက် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ်စေတနာရှင်များအား ကိုယ်စားပြုကာ ကျပ်သိန်း(၂၀)ကို ပလောင်အုပ်ချုပ်ခွင့်ရဒေသ ဗဟိုဦးစီး ဥက္ကဌ ဦးမောင်ကျော်နှင့် မြို့မိမြို့ဖဦးစိုးမောင် အပါအ၀င် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လယ်(၁)နာရီ မိနစ်(၂၀)အချိန်က စတင်ပြီး အချိန် (၁၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သည့် နမ့်ဆန်မြို့ မီးဘေးသင့် ပြည်သူများမှာ (၂၀၀၀)၀န်းကျင်ရှိသည့်အတွက် တာချီလိတ်မြို့စေတနာရှင်များ ကိုယ်စားပြု အနန္တဂုဏ်ရည်ပရဟိတအဖွဲ့ အပါအ၀င် အခြားနယ်များရှိ လူမှုရေးအသင်းအဖွဲ့များလည်း  လာရောက်လှူဒါန်းလျှက် ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~