ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ မိုးပွင့် အထူး(၂)စီမံချက်ဖြင့် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)တွင် နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၃၂၈)ကတ်ကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ထုတ်ပေးလိုက်ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)မှ ကျောင်းသား၊ ကျောင်းသူ (၁၉၇)ဦး နှင့် အခြေခံပညာအထက်တန်းကျောင်း(ဟိုနား)မှ ကျောင်းသား၊ ကျောင်းသူ (၁၃၁)ဦး ပါဝင်ကြောင်း သိရသည်။
မြို့နယ် လ၀က ဦးစီးဌာနမှူး ဦးအောင်ကျော်ဦး(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း(၂)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို အခမ်းအနားဖြင့် ကျင်းပ ပြုလုပ်ပေးအပ်ရာ အထက(မိုင်းဖြတ်)၌ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်း နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦး၊ အထက(ဟိုနား)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ညွှန့် နှင့် ဆရာများ၊ ကျောင်းသားများ စုစုပေါင်းအင်အား (၁၅၀)ဦးတို့က အသီးသီးတက်ရောက်ကြပြီး နိုင်ငံသားစိစစ်ရေးကတ်များ လက်ခံကြကြောင်း သိရှိရသည်။