ကျိုင်းငမ်းမူကြိုမှ ကလေးများ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် လေ့လာရေး ခရီးထွက်

ကျိုင်းငမ်းမူကြိုမှ ကလေးများ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် လေ့လာရေး ခရီးထွက်
ဖေဖော်ဝါရီ 12, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကျိုင်းငမ်းမူကြိုမှ ကလေးငယ်များသည် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ တွင်ကျရောက်မည့် ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကျိုင်းတုံမြို့တွင်း လေ့လာရေးခရီး ထွက်ခွာကြကြောင်း သိရသည်။

အဆိုပါကလေးများသည် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် စိန်မေရီမူကြိုကျောင်း၊ ကျိုင်းတုံတက္ကသိုလ်နှင့် ၀စီပိတ်ဘုန်းကြီးကျောင်းများသို့ လေ့လာရေးခရီးအဖြစ် သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ ဆရာမတို့ကျောင်းက လေ့လာရေးခရီးထွက်ကြတာပါ။ ကလေးတွေအတွက် ကျောင်းတွင်းဗဟုသုတနဲ့ဘဲ မလုံလောက်တဲ့အတွက် ကျောင်းပြင်ဗဟုသုတပါရစေဖို့ ဒီနေ့လေ့လာရေးထွက်ခဲ့တာပါ"ဟု ကျိုင်းငမ်းမူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်နန်းဏီလိုင်းဆိုင်က ပြောသည်။

အဆိုပါခရီးစဉ်အတွင်း ကလေးသူငယ်များသည် စိန်မေရီမူကြိုကျောင်းမှ ကလေးသူငယ်များနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ကျိုင်းတုံတက္ကသိုလ် ကျောင်းဝန်းအတွင်း လေ့လာခဲ့ကြသည်။

"အခုလို ကလေးတွေကို လေ့လာရေးခရီး ထွက်ပေးတဲ့အတွက် ကလေးတွေ ပြင်ပဗဟုသုတလည်း ရတာပေါ့။ ပြီးရင် ၀စီပိတ် ဘုန်းကြီးကျောင်းထဲမှာ ဘုရားလည်းဖူးရင်း လေ့လာရတော့ ကလေးတွေ ဘာသာတရားကို ပိုပြီးကိုင်းရှိုင်းစေတာပေါ့"ဟု လေ့လာရေးခရီးတွင် လိုက်ပါခဲ့သူ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်နန်းဆီမားလိုင်းက ပြောသည်။

ယနေ့ လေ့လာရေးခရီးတွင် ကလေးသူငယ်(၉၆)ဦး၊ ဆရာမ (၁၁)ဦးနှင့် ကျောင်းသားမိဘများ လိုက်ပါခဲ့ကြပြီး အဆိုပါ ကျိုင်းငမ်းမူကြိုကျောင်းကို ၁၉၆၉ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ လာမည့် ၂၀၁၉တွင် နှစ်(၅၀)ပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ။ ဇွဲမြတ်
ဓါတ်ပုံ။  ။ ကျိုင်းငမ်းမူကြို

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~