ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက မိုးပွင့်အထူး(၂)စီမံချက်ဖြင့် မိုင်းဖြတ်မြို့ဈေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ မိုင်းဖြတ် လ၀ကဌာနမှ မိုးပွင့် အထူး(၂)စီမံချက် ဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ နိုင်ငံသားအရည်အချင်းပြည့်မီသူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေပါတယ်”ဟု မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်ဦးကဆိုသည်။
မိုးပွင့်အထူး(၂) စီမံချက်သည် အခြေခံပညာကျောင်းများမှ အသက်ဆယ်နှစ်ပြည့် ကျောင်းသား/ကျောင်းသူ များအား ကျောင်းများတွင်သွား၍ နိုင်ငံသားစိစစ်ရေးကတ်များလုပ်ပေးနေသည့် စီမံချက်ဖြစ်ပြီး (၁၀)နှစ်ပြည့် ကျောင်းမနေသည့် ကလေးများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ် လုပ်ဆောင်လိုပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနများတွင် လာရောက် လုပ်ဆောင်နိုင်ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူထံမှ သိရသည်။
“အသက်(၁၀)နှစ်ပြည့်ပြီးသူတိုင်းကို လုပ်ပေးနေပါတယ်။ နောက်ထပ်ကျန်တဲ့ ကျောင်းတွေကိုလည်း ဆက်လက် လုပ်ပေးသွားမှာပါ။ ကျောင်းအရေအတွက်ကတော့ နီးရာကျောင်းတွေကနေ ဝေးရာ ကျောင်းတွေကို သွားနေရလို့ ပြောလို့မရသေးပါ။ ကျောင်းမနေတဲ့ ကလေးတွေကျတော့ အသက်(၁၀)နှစ်ပြည့် လုပ်ချင်တယ်ဆိုရင် ရုံးမှာလာလျှောက်ရင်လည်း လိုအပ်တဲ့ အထောက်အထားပြည့်စုံရင် နိုင်ငံသားအရည်အချင်း ပြည့်မီသူဆိုရင် ချက်ချင်းလုပ်ပေးပါတယ်”ဟု ၎င်းကဆိုသည်။
မိုင်းဖြတ်မြို့ဈေးတန်းရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၂) ဦးအား နိုင်ငံသား စိစစ်ရေးကတ်များလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ဖေဖော်ဝါရီလ (၁၁) ရက်က နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲကျင်းပရာ မိုင်းဖြတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်ဦး (ဦးစီးအရာရှိ)နှင့် ၀န်ထမ်းများ၊ ကျောင်းအုပ်ဆရာမ ဒေါ်နောမိ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ/သတင်း။ ။ ကိုသာ