တာချီလိတ်တရားရုံးတွင် တရားလိုအဖြစ် အမှုရင်ဆိုင်ရန် ဖေဖော်ဝါရီ(၉)ရက်နေ့တွင် နေပြည်တော်မှ တာချီလိတ်သို့ ပြန်လာသော အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
"နေပြည်တော်ကထွက်တဲ့ အချိန် ဖုန်းအဆက်အသွယ်ရတယ်။ ရွှေတောင်ရိုးကား၊ ခုံအမှတ်(၁၇)နဲ့ ထွက်လာပြီလို့ ပြောတယ်။ အဲဒီနောက်ပိုင်း ဖုန်းအဆက်အသွယ်လည်း မရဘူး။ တာချီလိတ်ရဲစခန်းကိုတော့ လူပျောက်ကြောင်းတော့ အကြောင်းကြားထားတယ်"ဟု ဆွေမျိုးတော်စပ်သူတစ်ဦးဖြစ်သည့် ကိုအောင်မျိုးဦးက ပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက်(၃၄)နှစ်အရွယ် ကလေး(၄)ယောက်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးလှိုင်ဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ(၄)ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
တရားရုံးတွင် မအေးအေးလှိုင် ရင်ဆိုင်ရမည့်အမှုမှာ (၁၆)နှစ်အရွယ် သမီးဖြစ်သူအား လူတစ်ဦးမှ မုဒိမ်းပြုကျင့်သည်ဟူ၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားရုံးတွင် တရားလိုပြသက်သေ အမှတ်(၁)အား ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် စစ်ဆေးပြီးသော်လည်း တရားလိုအား စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
တရားရုံးတွင် အမှုရင်ဆိုင်ရန်အတွက် တာချီလိတ်သို့ ပြန်လာခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူမှာ တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ (၉/၄၁၇)၊ မြရိပ်ညိုလမ်းတွင် နေထိုင်သူဖြစ်ရာ တရားရုံးတွင် အဓိက တရားလိုဖြစ်သဖြင့် အမှုလာရောက်ရင်ဆိုင်နိုင်ခြင်းမရှိပါက အမှုမှာ ရှုံးနိုမ့်ဖွယ်ရှိနေကြောင်း သိရသည်။