ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပထမဆုံးပြုလုပ်သည့် ပြည်သူလူထုမှ ချီးမြှင့်သော မြို့ဂုဏ်ရည်ဆုကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ဆုရရှိသွားပြီး အဆိုပါ ဆုနှင့်အတူ ချီးမြှင့်ခံရသည့် ကျပ်ငွေ(၁၀)သိန်းအား တာချီလိတ်ပညာရေးဖောင်ဒေးရှင်းသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပူးတွဲကျင်းပသွားပြီး ဆုချီးမြှင့် ပေးခြင်းဖြစ်သည်။
"ဒီလို ဆုတွေ ချီးမြှင့်ခြင်းအားဖြင့် အခုလို မြို့ဂုဏ်ဆောင်တဲ့ မျိုးဆက်သစ်တွေပေါ်လာပြီး နောင်အနာဂတ်မှာ စည်းကမ်း အပြည့်အ၀ရှိတဲ့ လူတော်၊ လူကောင်းများ အများဆုံးနေထိုင်ရာ တာချီလိတ်မြို့ဟာ တစ်ဖက်နိုင်ငံထက် ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့တော်အဖြစ် တည်ရှိလာမယ်ဆိုတာ ယုံကြည်ပါတယ်"ဟု မြို့ဂုဏ်ရည်ဆုချီးမြှင့်ကော်မတီအဖွဲ့ဝင် ဦးတင့်ဆွေကပြောသည်။
မြို့ဂုဏ်ရည်ဆုရ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အနေဖြင့် တာချီလိတ်မြို့တွင် နှစ်စဉ် ရေကြီးမှုဖြစ်ပေါ်စေသည့် ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်ချောင်း အတွင်းရှိ ရေတား(၃)ခုကို အခက်အခဲများစွာ ရှိနေသည့်ကြားမှ ဖယ်ရှားပေးနိုင်ခဲ့ခြင်း၊ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တာချီလိတ်တွင် ကျင်းပသည့် ဆန္ဒပြပွဲတွင် လူ (၁၀,၀၀၀)ကျော်ခန့်အား ယုံကြည်မှု အပြည့်နှင့် ခွင့်ပြုပေးသည့်အပြင် တဖက်နိုင်ငံမှ သတင်းမီဒီယာများရှေ့တွင် မြန်မာတမျိုးသားလုံး၏ စိတ်ဓာတ်နှင့် ဇာတိမာန် ဂုဏ်သိက္ခာတို့ကို စည်းကမ်းရှိရှိ ဖော်ဆောင်နိုင်ခြင်းတို့ကြောင်း ဆုချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း မြို့ဂုဏ်ရည်ဆုချီးမြှင့်ရေးကော်မတီမှ သိရသည်။
"အခုလို ဆုရချင်လို့ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တာဝန်ရှိသူ အနေနဲ့ လုပ်သင့် လုပ်ထိုက်တယ်ထင်လို့ လုပ်ဆောင်ခဲ့တာပါ။ အခုလို ဆုရရှိတော့ ၀မ်းသာမိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီထက်မက မြို့အကျိုးအတွက် ဆောင်ရွက်သွားမှာပါ။ "ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
ဂုဏ်ပြုဆု ပေးအပ်ခြင်းအား ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပြီး ဆုချီးမြှင့်ခံရသည့် ငွေကျပ်(၁၀)သိန်းကို ခရိုင်အုပ်ချုပ်ရေးမှူးက မရှိနွမ်းပါး ကျောင်းသား၊ ကျောင်းသူများအား ပညာရေးနှင့် ပတ်သက်၍ ထောက်ပံ့ပေးနေသည့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း သို့ ထည့်ဝင်လှူဒါန်းလိုက်ခြင်းဖြစ်သည်။
"ဂုဏ်ပြုဆု ရရှိတဲ့ ကျပ်ငွေ(၁၀)သိန်းကို မိမိအတွက် မသုံးစွဲဘဲ၊ ကျွန်မတို့ရဲ့ တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းကို ထည့်ဝင်လှူဒါန်းလိုက်တဲ့အတွက် အားရကျေနပ် ပီတိဖြစ်မိပါတယ်။ ကိုယ့်မြို့မှာ တာဝန်ကျပြီး ဒီလို ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာက ပြောသည်။
မြို့ဂုဏ်ရည်ဆုချီးမြှင့်ကော်မတီအဖွဲ့က တာချီလိတ်မြို့ဂုဏ်ရည်ဆုကို ရွေးချယ်၍ လာမည့် ပြည်ထောင်စုနေ့တိုင်းတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မိမြို့ဖများဖြင့် မြို့ဂုဏ်ရည်ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးကော်မတီအား ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။