"အခု ပြိုင်ပွဲရွေးချယ်ခံရတာ ၀မ်းသာပါတယ်ရှင်။ ခုလောလောဆယ်တော့ ကျောင်းကမပြီးသေးတော့ ကျောင်းတက်ဦးမှာပါ။ နောက်ကျရင် ရှမ်းပြည်နယ် ကိုယ်စားပြု မယ်တစ်ယောက်ဖြစ်လာတဲ့အထိ ကြိုးစားသွားမှာပါ။ ပရဟိတလုပ်ငန်းများမှာလည်း တတ်နိုင်သလောက် ကူညီပါဝင်ပေးသွားမှာပါရှင်"ဟု Miss Tachileik 2016 တုနိုင်းစံက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၄)ဦးအနက် Miss Tachileik 2016 အဖြစ် ခါးနံပါတ်(၁) အသက်(၁၈)နှစ်ရှိ တုနိုင်းစံ ၊ 1st Runner Up အဖြစ် ခါးနံပါတ်(၁၀) အသက်(၂၁)နှစ်ရှိ နန်းဆီဝမ်းမား၊ 2nd Runner Up အဖြစ် ခါးနံပါတ်(၄) အသက်(၁၇)နှစ်ရှိ အိမ့်စန္ဒီချစ်သိန်း ၊ Miss People's Choice အဖြစ် ခါးနံပါတ်(၉) အသက်(၁၈)နှစ်ရှိ သဲသူရိန်ဖွေးတို့က ရရှိသွားကြခြင်းဖြစ်သည်။
တာချီလိတ်မယ်(Miss Tachileik 2016)ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့တွင် Miss Keng Tung 2016 ကို ဇန်န၀ါရီလ (၂၄)ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ကာ Miss Kyaing Tong 2016 အဖြစ် အသက် ၁၉ နှစ်အရွယ် ရွှန်းလဲ့အိမ်က ရရှိထားခြင်းဖြစ်သည်။
"ကျိုင်းတုံ Miss တွေနဲ့ တာချီလိတ် Miss တွေက ကြိုးစားမှုပိုင်းဆိုင်ရာမှာ ကွာခြားတယ်။ တာချီလိတ် Miss တွေက ကြိုးစားမှုများတယ်။ ကျိုင်းတုံ Miss တွေ မကြိုးစားတာတော့ မဟုတ်ဘူး။ အဲဒီမှာကျတော့ အတွေ့အကြုံတွေက အများကြီးရှိတယ်လေ။ ဘွဲ့နှင်းသဘင်တို့ ကျောင်းကြိုဆိုပွဲတို့ပေါ့။ တာချီလိတ်မှာက ပထမဆုံးဆိုတော့ အတွေ့အကြုံမရှိတော့ အရမ်းကြိုးစားကြရတယ်"ဟု Miss Eastern Shan State Organization မှ တာချီလိတ်မြို့ City Director မကြည်ကြည်ခိုင်က ပြောသည်။
အဆိုပါပြိုင်ပွဲနှစ်ခုမှ ရွေးချယ်လိုက်သည့် ကျိုင်းတုံ Miss ဆကာတင်(၁၀)ဦးနှင့် တာချီလိတ် Miss ဇကာတင် (၁၀)ဦးတို့သည် ကျိုင်းတုံမြို့၌ မတ်လအတွင်း ကျင်းပမည့် Miss Eastern Shan State ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Miss Eastern Shan State အဖြစ် ရွေးချယ်ခံရသူသည် ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Golden Land Myanmar 2016 ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်။