ကျိုင်းတုံတက္ကသိုလ်၏ လက်ရှိချန်ပီယံ သင်္ချာအသင်းကို အနိုင်ယူကာ ဘူမိဗေဒအသင်း ဗိုလ်စွဲ

ကျိုင်းတုံတက္ကသိုလ်၏ လက်ရှိချန်ပီယံ သင်္ချာအသင်းကို အနိုင်ယူကာ ဘူမိဗေဒအသင်း ဗိုလ်စွဲ
ဖေဖော်ဝါရီ 16, 2016
By Tachileik News Agency

ကျိုင်းတုံတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၏ ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၌ ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ သင်္ချာအသင်းအား ဘူမိဗေဒအသင်းက အနိုင်ယူဗိုလ်စွဲသွားကြောင်း သိရသည်။

ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ သင်္ချာအသင်းနှင့် ဘူမိဗေဒအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမပိုင်း (၄၅)မိနစ်ကို ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီးနောက် ဒုတိယပိုင်း (၄၅)မိနစ်စပြီး မိနစ်အနည်းငယ် အကြာတွင် သင်္ချာအသင်းမှ (၂)၀ါ၊(၁)နီဖြင့် တစ်ဦး ထုတ်ပယ်ခံခဲ့ရသည်။

သင်္ချာအသင်းမှ ကစားအား အနည်းငယ်ကျသွားသောကြောင့် ဘူမိဗေဒအသင်းမှ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် မိနစ်(၉၀)အပြည့်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေသည့်အတွက် အချိန်ပို (၁၀)မိနစ်စီ ဆက်လက်ကစားစေရာ ဘူမိဗေဒအသင်းမှ (၃)ဂိုး၊ သင်္ချာအသင်းမှ (၁)ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကို ရရှိခဲ့သည်။

ယင်းနောက် ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ်(၃)နာရီက ကျင်းပပြီး ပထမဆုရသည့် ဘူမိဗေဒအသင်းအား တံခွန်စိုက်ဖလားနှင့် ဒုတိယဆုရသည့် သင်္ချာအသင်းတို့ကို ဆုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုအတွက် ၀ိဇ္ဇာညွှန့်ပေါင်းအသင်းမှ မောင်မင်းစောဟန်၊ ရှေ့တန်း အကောင်းဆုံး ကစားသမားဆုအတွက် ဘူမိဗေဒအသင်းမှ မောင်စောလှဖြူ၊ အလယ်တန်း အကောင်းဆုံး ကစားသမားဆုအတွက် ရူပဗေဒအသင်းမှ မောင်ပီတာ၊ နောက်တန်း အကောင်းဆုံး ကစားသမားဆုအတွက် ဘူမိဗေဒအသင်းမှ မောင်မျိုးမင်းထွေးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို သင်္ချာအသင်းမှ မောင်စိုးခေါင်တို့က အသီးသီးရရှိခဲ့ကြသည်။

ကျိုင်းတုံတက္ကသိုလ်၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၏ ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၆)ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၆)သင်းရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။  ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~