ထိုင်းနိုင်ငံ ရေလုပ်ငန်းတွင် လုပ်ကိုင်ခွင့်အလုပ်သမားကတ်လုပ်ဆောင်သူ နေ့စဉ် ဦးရေ (၁၀၀)ခန့်ရှိနေ

ထိုင်းနိုင်ငံ ရေလုပ်ငန်းတွင် လုပ်ကိုင်ခွင့်အလုပ်သမားကတ်လုပ်ဆောင်သူ နေ့စဉ် ဦးရေ (၁၀၀)ခန့်ရှိနေ
ဖေဖော်ဝါရီ 20, 2016
By Tachileik News Agency

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းတွင် လုပ်ကိုင်ခွင့်အတွက် အလုပ်သမားကတ်ထုတ်ပေးမှုအား သက်တမ်းတိုး ပေးနေရာ အလုပ်သမားကတ်ပြုလုပ်သူ မြန်မာလုပ်သား နေ့စဉ်(၁၀၀) ခန့်ရှိနေဆဲဖြစ်ပြီး သြဂုတ်လ(၂၂)ရက်အထိ အလုပ်သမားကတ်များကို ပြုလုပ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်ကော်မတီထံ(AAC)မှ သိရသည်။

"ရေလုပ်ငန်းတွေနဲ့ ပင်လယ်စာပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်သားရှားပါးတာကို ဖြေရှင်းဖို့နဲ့ အထောက်အထားမဲ့ လုပ်သားတွေကို လူကုန်ကူးခံရတာတွေကို ကာကွယ်ဖို့အတွက် ထိုင်းအစိုးရရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အလုပ်သမားကဒ် ထုတ်ပေးတဲ့ကာလကို သက်တမ်းတိုးပေးခဲ့တာပါ"ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက် မဟာမိတ်ကော်မတီ(AAC)မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအား ရေလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမား ပန်းရောင်ကတ်များအား ၂၀၁၅ ဧပြီလမှ စတင်၍ ပြုလုပ်ပေးနေရာ မဟာချိုင်နယ်မြေအတွင်း ခန့်မှန်းခြေ မြန်မာအလုပ်သမားနှစ်သောင်းခန့် အလုပ်သမားကတ် ပြုလုပ်ပြီးစီးပြီ ဖြစ်ကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ(AAC)မှသိရသည်။

ရေထွက်ပစ္စည်းထုတ်လုပ်ရေးနှင့် ရေလုပ်သားများအား ပန်းရောင်အလုပ်သမားကတ် အသစ် ပြုလုပ်ပေးမှုအား ထိုင်းအစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သက်တမ်း(၆)လ ထပ်မံ တိုးပေးလိုက်ခြင်းဖြစ်ပြီး ယခင်က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ(၂)ရက်နေ့တွင် ပြီးဆုံးရန် သတ်မှတ်ထားရာမှ ၂၀၁၆ခုနှစ် သြဂုတ်လ(၂၂)ရက်အထိ အချိန်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရွှေ့ပြောင်းအလုပ်သမားလူသစ်များအား နေထိုင်ခွင့်လက်မှတ် ဆက်လက်ထုတ်ပေးခြင်းအား ပင်လယ်ကမ်းခြေနှင့် ထိစပ်လျှက်ရှိသော ခရိုင်ပေါင်း(၂၂)ခရိုင်ရှိ အလုပ်သမားလူသစ်များအတွက် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net