တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၁)။ ။ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်)တွင် ကျောင်းဘက်စုံ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၆၀)အပါအ၀င် အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် သစ်ပင်ထိုင်ခုံများဆောင်ရွက်ခြင်း လုပ်ငန်းများပြီးစီးသွားပြီး ဆက်လက်၍ ရေစီးရေလာ ကောင်းမွန်ရန် လုပ်ငန်းကိစ္စများအတွက် စေတနာရှင် အလှူရှင်များ၏ အကူအညီများ လိုအပ်နေသေးကြောင်း ကျောင်းအကျိုးတော်ဆောင်များမှ သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၀န်းအတွင်းရှိ အ၀င်လမ်းမှ ပြည်ထောင်စု ကျောင်းဆောင်ရှေ့ တစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်းကို ကျောင်းဘက်စုံဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၆၀)မတည်၍ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ စေတနာရှင် အလှူရှင်များနှင့် ဆရာ၊ ဆရာမများ၏ စုပေါင်းပါဝင် လှူဒါန်းမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းအား ခင်းကျင်းပြီးသည့် အနေဖြင့် ဖေဖော်ဝါရီလ(၂၁)ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းနှင့် ကျောင်းအကျိုးတော်ဆောင်များ တွေ့ဆုံကာ ငွေစာရင်း ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့ပြီး ကျောင်းအတွင်း ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးဇော်မြင့်နှင့် ဒုဥက္ကဋ္ဌ ဦးစောထွန်းဦး အပါအ၀င် တာဝန်ရှိသူများက အလှူငွေ လှူဒါန်းရရှိမှု နှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့မှုများ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းများအတွက် ကျောင်းဘက်စုံဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း(၆၀)နှင့် အလှူရှင်များမှ ပါဝင် လှူဒါန်းငွေ စုစုပေါင်း ထိုင်းဘတ်(၃၅၆,၅၄၅)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအတွင်း သစ်ပင်ထိုင်ခုံများအတွက် ကြီးမြတ်သောရွှေမြင်း ကုမ္ပဏီ က ထိုင်းဘတ်(၂၀,၀၀၀)ဖြင့် လှူဒါန်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းများ၊ သံဇကာမြောင်း အဖုံးများ နှင့် သစ်ပင်များ အနီးပတ်လည်တွင် အုတ်ဘလောက်အသေးများခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အလှူရှင်များ၏ အကူအညီများ လိုအပ်မှာ ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်များထံမှ သိရှိရသည်။
သတင်း။ ။ ဝေယံလင်း