ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် ဆိုင်ကယ်ဈေးကွက်အတွင်း ၂၀၁၆ ခုနှစ်ထုတ် Honda Wave မော်ဒယ်အသစ်များ ဖေဖော်ဝါရီလအတွင်း စတင်ဝင်ရောက်လာကြောင်း သိရသည်။
"ဆိုင်ကယ်မှာ အင်ဂျင်ပါဝါ (110)နဲ့ (125)ဆိုပြီး နှစ်မျိုးထွက်တဲ့နေရာမှာ ဈေးလည်းကွာတယ်။ (110)တွေက ပိုရောင်းကောင်းတယ်။ အဓိက ဈေးနှုန်းကွာလို့ပါ။ တချို့ကလည်း ဈေးကွက်ထဲမှာ (125)ကို ရွေးဝယ်တဲ့လူတွေလည်းရှိတယ်"ဟု ဆိုင်ကယ်ဝယ်ရောင်းလုပ်သူ ကိုမျိုးက ပြောသည်။
ထိုင်းနိုင်ငံအရောင်းဆိုင်များတွင် ဆိုင်ကယ်များအား အလှဆင်ပြီးနှင့် ရိုးရိုး(၂)မျိုး တွဲရောင်းချလေ့ရှိပြီး အလှဆင်ပြီးဆိုင်ကယ်များတွင် ဒလက်ဘီးများ၊ အခြားအလှဆင်ပစ္စည်းများ တပ်ဆင်ထားပြီးဖြစ်သဖြင့် ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိကြောင်း ဆိုင်ကယ်ဈေးကွက်မှ သိရသည်။
တာချီလိတ်မြို့ ဆိုင်ကယ်ဈေးကွက်တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ဆိုင်ကယ်အရောင်းဆိုင်များမှ တင်သွင်း ရောင်းချခြင်းဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်ထုတ် Honda Wave 110 ရိုးရိုးတစ်စီးလျှင် ထိုင်းဘတ်(၄၂၀၀၀)၊ အလှဆင်ပြီးသား တစ်စီး(၄၄၀၀၀)ဘတ်၊ Honda Wave 125 ရိုးရိုး(၅၃၀၀၀)ဘတ်၊ အလှဆင်ပြီး (၅၆၀၀၀)ဘတ် အသီးသီးဈေးနှုန်းပေါက်နေကြောင်း သိရသည်။