ငြိမ်းချမ်းရေးပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးရေးစီမံချက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စတင် အကောင်အထည်ဖော်
Ko Zat - Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၁) ရက်
ဥရောပသမဂ္ဂ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စတင်အကောင်အထည် သိရသည်။
ယူရိုငွေ ငါးသိန်းအထောက်အပံ့ဖြင့် (၄၈)လကြာ အကောင်အထည်ဖော်မည့် အဆိုပါ စီမံချက်ကို ၂၀၁၅ခုနှစ် မတ်လ (၁၅)ရက်နေ့ကတည်းက စတင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အစိုးရသို့ မိမိတို့ အခက်အခဲကို တိုက်ရိုက်ပြောရဲဆိုရဲရှိလာရန် အဓိက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စီမံချက် အကောင်အထည်ဖော်နေသည့် Aids Support Group မှ ဒါရိုက်တာ ဒေါက်တာမြင့်အောင်ထံမှ သိရသည်။
"စစ်ဖြစ်တဲ့အခါမှာဆို အဓိကခံရတဲ့သူတွေဖြစ်တဲ့ အမျိုးသမီးနှင့် ကလေးတွေကို အစိုးရထံ ပြောရဲဆိုရဲရှိအောင် သင်ကြားပို့ချပေးတယ်။ သင်ကြားပို့ချတဲ့အခါမှာလည်း အခက်အခဲတွေရှိတယ်။ အစိုးရက စီမံချက်ကို တားလည်းမတားဘူး။ အားလည်းမပေးဘူး။ လမ်းလည်းမဖွင့်ပေးဘူး။ အဲဒါနဲ့ပဲ အမျိုးသမီးနဲ့ ကလေးအသံတွေက သူတို့ထံ တိုက်ရိုက်မရောက်တော့ဘူး။ ဒုတိယနည်းဖြစ်တဲ့ စုဝေးပြီး ဆွေးနွေးမှုတွေ လုပ်တယ်။ ပြီးရင်ဖြစ်စဉ်တွေတည်ဆောက်ပြီး စာအားဖြင့်နဲ့ပဲ အစိုးရထံ သူတို့တင်ပြနေရတယ်။"ဟု ဒေါက်တာမြင့်အောင်က ပြောသည်။
တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့နယ်များတွင် အထောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသည့် အဆိုပါစီမံချက်မှာ အဓိကအားဖြင့် ကျောင်းများတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိနှင့် ယဉ်ကျေးမှုများ တည်ဆောက်နိုင်ရန် ပညာပေးဆောင်ရွက်ခြင်းဖြစ်သော်လည်း ကလေးငယ်များအား ဆွေးနွေးမှုပြုလုပ်ရာတွင် ကျောင်းစာသင်ချိန် လျော့နည်းသွားနိုင်သောကြောင့် ကျောင်းများတွင် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါစီမံချက်အနေဖြင့် ကျောင်းပြင်ပကလေးများနှင့် အမျိုးသမီးများအားလည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံရှိပြီး အစိုးရနှင့် NCA စာချုပ်လက်မှတ်ထိုးထားသော ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့(RCSS/SSA)၊ မိုင်းလား အထူးဒေသ (NDAA)တပ်ဖွဲ့နှင့် UWSA "၀"တောင်ပိုင်းတို့ အဓိကရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် နယ်မြေခံပြည်သူ့စစ်မျိုးစုံဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ရှိကြောင်း သိရသည်။
"တာချီလိတ်ခရိုင်လိုမျိုးမှာ လက်နက်ကိုင်တွေက အများကြီးရှိတယ်။ ဥပမာ ပြည်သူ့စစ်တွေ ၊ နယ်ခြားစောင့်တပ်တွေ စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတာတောင် တခြားလက်နက်ကိုင် ဒုစရိုက်မှုတွေဖြစ်နေပြီး ပြည်သူတွေဘာလို့မလုံခြုံရတာလဲ။ ဒီလိုဒေသမှာ သေနတ်ခါးကြားထိုးတဲ့လူတွေလည်း ရှိတာပဲ။ ဒါကြောင့် ပြည်သူလူထု လုံခြုံရေးအတွက် လက်နက်ကိုင်များကို တရားဝင်ကိုင်ဆောင်ခြင်း ဟုတ်မဟုတ် စိစစ်ပေးဖို့ ကျွန်တော့်အနေနဲ့ လာမည့်လွှတ်တော်မှာ တင်ပြသွားမှာပါ။" ဟု တာချီလိတ်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးရေးစီမံချက်အား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် ILO၊ SC၊ FLD၊ MDCGနှင့် ASG တို့မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။