ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမ၀င် ၀င်ရောက် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား လေးဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု နှင့် မုန်းလိုက်ကျေးရွာအုပ်စုတို့ရှိ ငှက်ပျောခြံတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဖမ်းဆီးရမိရာတွင် ဝမ်တပ်ကျေးရွာအုပ်စု၊ ဟွေထန်ကျေးရွာအနီးရှိ ငှက်ပျောခြံမှ အသက်(၄၆)နှစ်ရှိ ဝမ်မီကျုံး(ကျား)၊ အသက်(၃၃)နှစ်ရှိ လီမန်ကျန်(ကျား)၊ အသက်(၃၀)နှစ်ရှိ ကျားထင်ချန်(မ) နှင့် အသက်(၃၀)နှစ်ရှိ ကျားထင်ချန်အပြင် မုန်းလိုက်ကျေးရွာအုပ်စု၊ ဟိုဖုန်းကျေးရွာအနီးရှိ ငှက်ပျောခြံအတွင်းမှ အသက်(၅၄)နှစ်ရှိ တိန်ကွေ့ရီ(ကျား)တို့အား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်၍ အလုပ် လုပ်ကိုင်နေသော အဆိုပါ တရုတ်နိုင်ငံသား (၄)ဦးအား ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၃(၁)/၁၃(၁)ဖြင့် မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။