ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလှေလန်ကျေးရွာ တာချီလိတ် - ၀မ်ပုံသွား ကားလမ်းပေါ်ရှိ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွင် ဇန်န၀ါရီလ(၄)ရက်နေ့ ည(၉)နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် ဦးစီးသည့် အဖွဲ့ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် အနက်(၅)လက်မ၊ အကျယ် (၁)ပေခန့် မြေသားများ ဖွာနေသည့် ကျင်းတစ်ခု၊ လမ်းအသုံးပြုခကောက်ခံသည့် ဂိတ်မှန် နှင့် လူနေ အဆောက်အဦမှန်များ၊ ခေါင်မိုးအုတ်ကျွတ်များ ပျက်ဆီးခဲ့ကြောင်းအပြင် ယင်းပေါက်ကွဲမှုကြောင့် ဂိတ်တာဝန်ကျ အသက်(၁၇)နှစ်ရှိ မောင်ကျော်ကျော်ထက်မှ ဦးခေါင်းရှေ့ ဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဗုံးစများ တွေ့ရရှိရခြင်း မရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။