အိမ်နီးချင်း၏နေအိမ်အားမီးရှို့ကာ ၇ နှစ်အရွယ်ကလေးကို သတ်ပြီးထွက်ပြေးနေ

အိမ်နီးချင်း၏နေအိမ်အားမီးရှို့ကာ ၇ နှစ်အရွယ်ကလေးကို သတ်ပြီးထွက်ပြေးနေ
ဇန်နဝါရီ 14, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အရှေ့မြောက်ဘက် မိုင်းကိုးအုပ်စု နမ့်ဖုန်းရွာတွင် စိတ်ဖောက်ပြန်သူက အိမ်နီးချင်း၏ နေအိမ်အားမီးရှို့သည့်အပြင်  (၇)နှစ်အရွယ်ကလေးကိုသတ်ပြီး ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က   လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ထိန်ဝင်း၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု နှင့် စခန်းမှူး ဒုရဲမှုးထိန်လင်း အပါအ၀င် တာဝန်ရှိသူများက နမ့်ဖုန်းရွာသို့ သွားရောက်စစ်ဆေးရာ မဲခေါင်မြစ်ကမ်း ဘေးတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် ကျကျိုးသည် ၎င်း၏ နေအိမ်ရှေ့တွင် ရှိသော ဒေါ်နားလော့တီး၏ နေအိမ်အား မီးရှို့သဖြင့် ဒေါ်နားလော့တီး၏ သားများဖြစ်သည့် အသက် (၁၃)အရွယ် ရှဲန်မွေလှနှင့် အသက် (၇)နှစ်အရွယ် ဂီးတိုတို့က တားမြစ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကလေးငယ်နှစ်ဦးအား ဓါးဖြင့် လိုက်ထိုးသဖြင့် ထွက်ပြေးရာ ဂီးတိုအား ဖမ်းမိသွားပြီး ဂီးတိုမှာ ယာဘက်ပါး၊ ဝဲဘက်ပါး၊ ဝဲနားအောက်၊ ဝဲဘက်ခါး၊ ယာဘက်နံစောင်းများတွင် ထိုးသွင်းဒဏ်ရာ(၅)ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျကျိုးသည် ရွာသူကြီး၏ ဖျောင်းဖြမှုကို လက်မခံဘဲ ဓါးနှင့် တူမီးသေနတ်ကို ကိုင်ဆောင်၍ တောထဲထွက်ပြေးသွားသဖြင့် အရေးယူပေးရန် ရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ လက်နက်ဖြင့်ထွက်ပြေးနေသည့် ကျကျိုးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
နေအိမ်မီးလောင်ဆုံးရှုံးသွားသည့် ဒေါ်နားလော့တီးတို့မိသားစုမှာ နေထိုင်ရန်အခက်အခဲဖြစ်နေသဖြင့် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ မတည်အလှုငွေ ကျပ်(၄)သိန်းအား ပေးအပ် ကူညီထားကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~