တရုတ်က ထိုင်ဝမ်မြောက်ဘက်တွင် လေပိုင်နက်ပိတ်ထားရန် စီစဥ်နေ

တရုတ်က ထိုင်ဝမ်မြောက်ဘက်တွင် လေပိုင်နက်ပိတ်ထားရန် စီစဥ်နေ
By Mr John

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်း၏ မြောက်ဘက် လေပိုင်နက်ကို ၂၀၂၃ခုနှစ် ဧပြီလ (၁၆) ရက်မှ (၁၈) ရက်အထိ ပိတ်ထားရန် စီစဥ်နေပြီး ထိုလုပ်ရပ်ကြောင့် ဒေသတွင်း လေကြောင်းခရီးစဥ်များကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သိရသည်။

တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ တစ်ကြိမ်ပြီးတစ်ကြိမ် အပြင်းအထန် လုပ်ဆောင်နေသည့်အပြင် လေပိုင်နက်လည်း ပိတ်ပင်ရန် စီစဥ်လာခြင်းလည်း ဖြစ်သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်က လေပိုင်နက်ပိတ်ရန် စီစဥ်နေကြောင်း ဧပြီလ (၁၂) ရက်တွင် ပြောခဲ့သည်။ 

တရုတ်က လေပိုင်နက်ပိတ်ပြီး လေယာဥ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်မှုမှာ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်း ကျရောက်နေကြောင်းနှင့် ကမ်းရိုးတန်း၏ မြောက်ဘက် ရေမိုင် (၈၅) မိုင်ခန့်တွင်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာန ဒုစစ်ဦးစီးချုပ် Yan Yu-hsien က ဆိုသည်။

ထိုင်ဝမ်မြောက်ပိုင်းမှ ဂျပန်နှင့် အမေရိကန်သို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းခရီးစဥ် အများအပြားရှိကြောင်းနှင့် ထိုင်ဝမ်စစ်တပ်က တရုတ်၏လှုပ်ရှားမှုများကို သိရှိထားကြောင်းနှင့် အနီးကပ် စောင့်ကြည့်နေကြောင်း Yan က ပြောသည်။

 တရုတ်က လေပိုင်နက်ပိတ်မှုမှာ G7 (Group of Seven) နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဂျပန်နိုင်ငံတွင် အစည်းအဝေးပြုလုပ်ရန် စီစဥ်ထားသည့်ရက်များနှင့်လည်း တိုက်ဆိုင်နေကြောင်း သိရသည်။

Source: Reuters