ထိုင်း နှင့် ဂျပန် ပူးပေါင်း ဆောင်ရွက်သည့် မိုင်(၄၂၀)ကျော်ရှိ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း စတင်ရန် ပြင်ဆင်

ထိုင်း နှင့် ဂျပန် ပူးပေါင်း ဆောင်ရွက်သည့် မိုင်(၄၂၀)ကျော်ရှိ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း စတင်ရန် ပြင်ဆင်
By Mr John

 ထိုင်းနိုင်ငံက ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့်  မိုင်း(၄၂၀)ကျော်ရှိ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေးစီမံကိန်းအတွက်  ပထမအဆင့် စတင်ရန်ပြင်ဆင်နေပြီဟု သိရသည်။ 

မိုင်အားဖြင့် (၄၂၇)မိုင်ကျော်ရှိသော အရှည်ပေါင်း (၆၈၈) ကီလိုမီတာ ရှည်လျားသည့် ဘန်ကောက်မြို့တော်နှင့် နိုင်ငံတောင်ပိုင်း ချင်းမိုင်ပြည်နယ်ကို ဆက်သွယ်ထားသော မြန်နှုန်းမြင့် ရထားလမ်းတွင် ဘူတာရုံ (၁၂) ခု ပါဝင်မည် ဖြစ်သည်။ 

ဘန်ကောက်-ချင်းမိုင် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို အဆင့် (၂) ဆင့်ဖြင့်  တည်ဆောက်သွားမည်ဖြစ်ပြီး ပထမအဆင့်အဖြစ် ဘန်ကောက်မှ ဖိစနလို့ပြည်နယ်အထိ (၃၈၀) ကီလိုမီတာ ရှည်လျားသည့် ရထားလမ်းပိုင်းဖြစ်သည်။ 

  Thailand Posts English

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်သို့ နောက်ထပ် (၂၈၈) ကီလိုမီတာ ရှည်လျားသည့် ရထားလမ်းပိုင်းကို ဆက်လက် တည်ဆောက်သွားမည်ဟု သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ထိုင်းနှင့်ဂျပန် နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ လုပ်ငန်းအစည်းအဝေးတွင် ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ဘဏ္ဍာရေးကို အဓိကထားသည့် လေ့လာမှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု ဆိုသည်။

ဆက်လုပ်ပြီးတော့လည်း လုပ်ငန်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့လာမှုများကို အပြီးသတ် ပြန်လည်သုံးသပ်သွားမည်ဟု ထိုင်းအစိုးရ ရထားပို့ဆောင်ရေးဌာန Department of Rail Transport (DRT) အထွေထွေညွှန်ကြားရေးမှူး Pichet Kunadhamraks က ၂၀၂၃ခုနှစ် မတ်လ (၈) ရက်နေ့တွင် ပြောသည်။

ဂျပန်အစိုးရဌာနများက ပြုလုပ်ခဲ့သည့် လေ့လာမှုအရ ဘန်ကောက်-ချင်းမိုင် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း ပထမအဆင့်က စီးပွားရေးအကျိုးအမြတ် ဖြစ်ထွန်းမှုကို မူလ ရည်မှန်းချက်ထက် (၁၇.၃) ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာစေမည်ဟု အဆိုပြုထားသည်။ 

ထိုင်းနှင့်ဂျပန်က မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း ပထမအဆင့်အတွက် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ Memorandum of Cooperation (MoC) ကို ၂၀၁၅ ခုနှစ် မေလ (၂၇) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်နိုင်ငံက ဘန်ကောက်-ချင်းမိုင် မြန်နှုန်းမြင့် ရထားလမ်းတွင် အမြန်နှုန်း တစ်နာရီလျှင် (၁၈၆) မိုင် (တစ်နာရီလျှင် ၃၀၀ ကီလိုမီတာ) အထိဖြင့် ခုတ်မောင်းသော ဂျပန်ကျည်ဆန်ရထားခေါ် Shinkansen ရထားအမျိုးအစားကို အသုံးပြုရန် အဆိုပြုထားသည်။ 

ထိုင်းနိုင်ငံက မြန်နှုန်းမြင့် ရထားလမ်းကြောင်းတစ်လျှောက် ဒေသခံများအတွက် စီးပွားရေးအကျိုးအမြတ် ရရှိနိုင်မှုနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော နောက်ထပ် လေ့လာမှုပြုလုပ်ရန် အဆိုပြုထားကြောင်း သိရသည်။

Source: Bangkok Post