မင်းတပ်မှ တိမ်းရှောင်နေရသူများအတွက် NUG က လူသားချင်းစာနာမှုအကူအညီပို့မည်

မင်းတပ်မှ တိမ်းရှောင်နေရသူများအတွက် NUG က လူသားချင်းစာနာမှုအကူအညီပို့မည်
မေ 18, 2021

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေကြရသည့် ဒေသခံ (၈,၀၀၀) နီးပါးကို ကူညီထောက်ပံ့ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက တိုက်ခိုက်မှုကြောင့် မင်းတပ်မှ ထွက်ပြေးတိမ်းရှောင်ရသူစုစုပေါင်းမှာ (၈,၀၀၀) ဝန်းကျင်ခန့်ရှိနေသည်ဟု သိရပြီး စားနပ်ရိက္ခာများနှင့် လူသားချင်းစာနာမှုအူအညီများပေးနိုင်ရန် NUG က ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မေလ(၁၈)ရက်နေ့တွင် အသိပေးထားသည်။

မင်းတပ်ဒေသခံအချို့မှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ထဲတွင်ရှိနေသူများကိုလည်း အာဏာသိမ်းစစ်ကောင်စီက ရေပိုက်လိုင်း၊ မီးလိုင်းများ ဖြတ်တောက်ခြင်း၊ အချို့နေရာများတွင် ဖုန်းလိုင်းပါ ဖြတ်တောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။