(တင်ရန်) နမ့်စမ်းငေါင်းချောင်းတွင် အမှိုက်စွန့်ပစ်မှုများမထိန်းနိုင်၍ ကျောက်မဲမြို့တွင် မိုးရွာတိုင်းရေလျှံနေ

(တင်ရန်) နမ့်စမ်းငေါင်းချောင်းတွင် အမှိုက်စွန့်ပစ်မှုများမထိန်းနိုင်၍ ကျောက်မဲမြို့တွင် မိုးရွာတိုင်းရေလျှံနေ
နိုဝင်ဘာ 10, 2016
By Tachileik News Agency

နေဖြိုးမြင့် - Tachileik News Agency
ကျောက်မဲ၊ နိုဝင်ဘာလ (၉) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် နမ့်စမ်းငေါင်းချောင်း အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေစီးရေလာမကောင်းတော့သဖြင့် မိုးရွာသည်နှင့် လမ်းများတွင် ရေလျှံမှုဖြစ်နေကြောင်း သိရသည်။
“ချောင်းထဲအမှိုက်ပစ်တဲ့သူကို စောင့်ဖမ်းတယ်။ မိတယ်။ ရုံးကိုခေါ် သတိပေးတာမျိုးတွေလုပ်တယ်။ ဒါပေမဲ့ ပစ်နေကြတုန်းပါပဲ။ ကျွန်တော်ငယ်ငယ်က ကျောက်မဲမှာနေဖူးတယ်။   နမ့်စမ်းငေါင်းချောင်းက ရေချိုးလို့ရ ငါးဖမ်းလို့ရတဲ့အထိ သာယာလှပတယ်။ အခုတော့အမှိုက်တွေချည်းပဲ။ ဒါပေမဲ့ ကျွန်တော် ဒီချောင်းကို ချောင်းကာနံရံတွေ ထပ်လုပ်ပီး ပြင်ဆင်ပေးသွားဦးမှာပါ”ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေ ကပြောသည်။
ကျောက်မဲမြို့တွင် နိုဝင်ဘာလ (၈) ရက် ညမှစတင်၍ (၉) ရက်နေ့ နံနက် (၁၁) နာရီအထိ ရွာသွန်းခဲ့သည့်မိုးကြောင့် ကားလမ်းများပေါ်တွင် တစ်နာရီခွဲခန့်ကြာအောင် ရေလျှံသွားကြောင်း သိရသည်။
“မိုးကတော်တော်ရွာတယ်။ ရေမြောင်းထဲကို ရေကမဆင်းနိုင်တော့ဘူး။ မိုးရွာတိုင်း ဒီလိုပဲရေလျှံတယ်။ ကျွန်တော်နေတဲ့ရပ်ကွက်ဆို မနက်ထဲက ရေပြင်ချည်းပဲ။ ဒီဘက်(၈) ရပ်ကွက် ကွန်ဖြူးရှပ်ကျောင်းကနေ ကြံ့ခိုင်ရေးကားကွင်းထိ တစ်ဖက်က မုံလာခြံ မိုးကောင်းကျောင်းနဲ့ သံလမ်းအောက်ဘက်အထိ ရေဝပ်နေတာ”ဟု အမှတ် (၈) ထုံးဖိုရပ်ကွက်နေ ကိုစိုင်းက ပြောသည်။
နမ့်စောင်းငေါင်းချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းများကြောင့် ချောင်း၏ရေစီးရေလာ ကောင်းမွန်ခြင်း မရှိတော့ခြင်းက မိုးရွာတိုင်း ရေတင်ကျန်နေခဲ့စေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
၂၀၁၂ ခုနှစ်မှစ၍ မြို့နယ်စည်ပင်က နမ့်စမ်းငေါင်းချောင်းအား မွန်းမံပြင်ဆင်နေသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမှာ ရှိနေဆဲဖြစ်ကြောင်းသိရသည်။
ယခင်က မိုးရွာလျှင် လမ်းရေလျှံမှုရှိတတ်သော်လည်း အချိန်ခဏ အတွင်း ရေဆင်းသွားတတ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ လမ်းပေါ်ရေကျန်ခြင်းမှာ တဖြည်းဖြည်းဆိုးရွားလာကြောင်း မြို့ခံများထံမှ သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~