ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ နမ့်စလင်းကျောင်းတွင် လာရောက်ခိုလှုံသည့် ညောင်မောင်းကျေးရွာမှ စစ်ဘေးရှောင်ဦးရေမှာ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၂၃၆ ဦးအထိရှိ လာနေပြီဖြစ်ကြောင်း သိရသည်။
“စားနပ်ရိက္ခာ လိုအပ်မှုအနည်းငယ်ရှိတယ်။ ခေါက်ဆွဲခြောက်တို့ ဘာတို့လို မနက်စာအစာပြေကျွေးဖို့ပေါ့။ ဟင်းချက်စရာအတွက်ကတော့ အလှူခံရှိငွေနဲ့ ဝယ်ရတယ်“ဟု စခန်းတာဝန်ခံမအေးအေးက ပြောသည်။
ညောင်မောင်းကျေးရွာမှ စစ်ဘေးရှောင်များမှာ ဒီဇင်ဘာ ၂၇ ရက်နေ့မှစ၍ စတင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
“ရွာမှာက ဆယ်ယောက်လောက်ပဲ အစောင့်အဖြစ် ကျန်တော့တယ်။ ပစ်ခတ်တာတွေ ထပ်မဖြစ်တော့ပေမယ့် ရွာမှာတော်တော် ပျက်စီးထားတော့ ဒီမှာလိုက်လာနေတာ” ဟု ကလေး ၄ ယောက်မိခင် ညောင်မောင်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာတွင ဒီဇင်ဘာလ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် TNLA နှင့် တပ်မတော်တို့၏ တိုက်ပွဲကြောင့် လူနေအိမ် ၈ လုံးမှာ လုံးဝပျက်စီးသွားခဲ့ရပြီး လူနေအိမ်အများစုလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း ညောင်မောင်းကျေးရွာဒေသခံ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ ကလေး ၁ ဦးနှင့် ဦးပဉ္ဇင်းတစ်ပါး ဒဏ်ရာရရှိခဲ့သည်။