--------------
( unicode )
ကျိုင်းတုံ၊ မတ်လ(၄)။ အာခါတိုင်းရင်းသား ရိုးရာ လက်ချုပ်ပန်းထိုး အထည်လုပ်ငန်းများတွင် ကျိုင်းတုံမြို့ ရပ်ကွက်အသီးသီးမှ အိမ်ရှင်မများ လက်ချုပ်ပန်းထိုးချုပ်ပေးခြင်းအား ပုတ်ပြတ်လုပ်ကိုင်မှု ပိုမိုများပြားလာကြောင်း လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
"အရင်က ကျွန်မတို့ အထည်ကြမ်းတွေကို ပန်းဒီဇိုင်းထိုးဖို့အတွက်ဆို ပုတ်ပြတ်ပန်းထိုးမယ့် အမျိုးသမီးတွေဆီကို အိမ်တိုင်ရာရောက် ပို့ရတယ်၊ အခုကျတော့ အထည်ကြမ်းတွေ လာယူကြတဲ့အထိ များလာပြီ"ဟု (၂၅) နှစ်ခန့် အဆိုပါလုပ်ငန်းကို လုပ်ကိုင်လာခဲ့သူ ဒေါ်အားဘို့က ပြောသည်။
ယခင်က အထည်ချုပ်ခငွေ နည်းပါးသဖြင့် လုပ်ကိုင်လိုသူ နည်းပါးခဲ့ကြောင်း၊ ယခုအချိန်တွင် အိမ်ရှင်မများ
အိမ်မှုကိစ္စလုပ်ရင်းဖြင့် အားလပ်ချိန်များတွင် လုပ်ကိုင်နိုင်သည့်အတွက် အထည်ကြမ်းများ လာရောက်ယူ၍ ပုတ်ပြတ်ဖြင့် လုပ်ကိုင်သူ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းနှင့် ယခင်က အာခါတိုင်းရင်းသားများသာ လုပ်ကိုင်ကြသော်လည်း ယခုနောက်ပိုင်းတွင် ရှမ်း/လားဟူ နှင့်အခြားတိုင်းရင်းသားများပါ ဝင်ရောက် လုပ်ကိုင်မှုများရှိလာကြောင်း၎င်းထံမှ သိရသည်။
" အရင်ကဆို ယောကျာ်းက လုပ်ငန်းခွင်သွားရင် ကျွန်မက အိမ်မှာ အိမ်မှုကိစ္စပြီးတာနဲ့ လူမမည်ကလေးသုံးယောက်နဲ့ တစ်နေကုန် အချိန်ကုန်သွားတာပဲ။ အသိတစ်ယောက် အာခါထည် ချုပ်တာတွေ့လို့ စုံစမ်းကြည့်ရာကနေ ကျွန်မလည်း လုပ်ဖြစ်သွားတယ်။ ရေမီတာခ၊ မီး မီတာခ၊ ကလေးမူကြိုခတွေနဲ့ ကုန်ကျစရိတ်မျိုးစုံရှိနေတဲ့ ခုခေတ်မှာ ယောကျာ်းလုပ်ခအပြင် ကျွန်မရဲ့ အထည်ပန်းထိုးခနဲ့ဆိုရင် မီးဖိုချောင်စရိတ်လောက်တော့ ကာမိလို့ မိသားစုစားဝတ်နေရေးအတွက် ချောင်လည်ပါတယ်" ဟု ပုတ်ပြတ်အထည်ပန်းထိုးချုပ်လုပ်လျှက်ရှိသူ ဒေါ်အားညွန်းက ဆိုသည်။
အာခါအထည်ချုပ်လုပ်ငန်းများသည် ပန်း ထိုးပြီးပိတ်စများကို ရိုးရာအထည်များအဖြစ် အာခါအင်္ကျီ၊ အာခါဘောင်းဘီ၊ အာခါလွယ်အိတ်များ ချုပ်လုပ်၍ ထိုင်း၊တရုတ်နိုင်ငံများသို့ ရောင်းချပြီး ဒေသအတွင်း တောင်ပေါ်အာခါရွာများနှင့် ကျိုင်းတုံမြို့မဈေးတွင်လည်း ဆိုင်ဖွင့်လျှက် ရောင်းချနေကြောင်း၊ တချို့မှာ အော်ဒါမှာယူခြင်းနှင့် ချုပ်ပြီးသားအသင့် ရှိသည့်အထည်များကို ကိုယ်စားလှယ်ယူ၍ ရောင်းချသည်များ ရှိကြောင်းနှင့် တချို့သော ချုပ်လုပ်ပြီး အထည်ဒီဇိုင်းများကို ကြိုက်နှစ်သက်သူ မရှိသည့်အတွက် ရောင်းမထွက်မှုများလည်းရှိနေကြောင်း အထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
"ကျွန်မတို့က ဒီအထည်တွေကို ချုပ်ဖို့အတွက် လိုအပ်မယ့် ကုန်ကြမ်းဖြစ်တဲ့ ပိတ်စအထည်နဲ့ အပ်ချည်တွေကို ထိုင်းကနေဝယ်ပြီးတော့ အင်္ကျီမှာ အလှဆင်မယ့် ငွေထည်တွေကို တရုတ်ဘက်ကနေ ဝယ်ယူရပါတယ်။
အဝတ်အထည်အဖြစ် ချုပ်လုပ်လို့ ပြီးသွားရင်လည်း ထိုင်းနဲ့ တရုတ်နိုင်ငံကိုပဲ ပြန် ပို့တာများပါတယ်။" ဟု
အဆိုပါလုပ်ငန်းကို ဦးစီးလုပ်ကိုင်လျက်ရှိသူ ဒေါ်အားဘို့က ဆိုသည်။
နှစ်ပေခန့်ရှိသည့် အနက်ရောင် ပိတ်စပေါ်တွင် ပန်းထိုးချုပ်လုပ်ပြီးပါက ကျပ်ရှစ်ထောင်ရရှိပြီး ကြိုးစားအားထုတ်၍ ချုပ်လုပ်ပါက တစ်လ ငါးထည်ပြီးမြောက်နိုင်ကာ ကျပ်လေးသောင်းအထိ ဝင်ငွေရရှိနိုင်ကြောင်းနှင့် တချို့မှာ ပိတ်စအရွယ်အစားအလိုက် ဈေးနှုန်းကွာဟမှုရှိကြောင်း သိရှိရသည်။
သတင်း။ ဇင်အောင်