အစိုးရနည်းပညာအထက်တန်းကျောင်းအတွက် လစ်လပ်ရာထူးအတွက် လျှောက်ထားကြရန် ကျောင်းအုပ်ကြီးတိုက်တွန်း

အစိုးရနည်းပညာအထက်တန်းကျောင်းအတွက် လစ်လပ်ရာထူးအတွက် လျှောက်ထားကြရန် ကျောင်းအုပ်ကြီးတိုက်တွန်း
ဇန်နဝါရီ 2, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ရာထူး(၃)နေရာအတွက် လျှောက်ထားသူ(၂)ဦးသာရှိသဖြင့် ကျောင်းသားဦးရေလျှော့ချနေရသဖြင့် ရာထူးနေရာလျှောက်ထားကြရန် ကျိုင်းတုံအစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက တိုက်တွန်းလိုက်သည်။
" လက်ရှိ ကျွန်တော်တို့ကျောင်းမှာ သင်ကြားရေးပိုင်းအတွက် (၁၃)ယောက်ပဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့  ကျောင်းသား၊ ကျောင်းသူတွေလက်ခံတဲ့အခါမှာ လျှော့ပြီးလက်ခံရပါတယ်။ ပြီးရင် သင်တန်းပေါင်းစုံမဖွင့်နိုင်ဘူး။ အရင်နှစ်တုန်းက မေဂျာ(၃)ခု ဖွင့်ပေးနိုင်ခဲ့ပေမဲ့ ဒီနှစ်မှစတက်တဲ့ ပထမနှစ်တန်းအတွက် လျှပ်စစ်နည်းပညာသင်တန်းတစ်ခုပဲ ဖွင့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို ကျောင်းအတွက် ဆရာ၊ဆရာမ အင်အား အများကြီးလိုအပ်နေတဲ့အတွက် လျှောက်ထားစေချင်ပါတယ်"ဟု ကျိုင်းတုံအစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးတေဇာထွန်းကပြောသည်။
ကျိုင်းတုံအစိုးရနည်းပညာအထက်တန်းကျောင်းအတွက် လိုအပ်လျှက်ရှိသော ရာထူး(၃)နေရာဖြစ်သည့် သရုပ်ပြရာထူးအတွက် B.E (Civil, EC, EP,Mech,MC,IT Textile,Chemical,Mining,Metallurgy)၊ ကျွမ်းကျင်(၄) ရာထူးအတွက် AGTI (Civil,EC,EP,Mech)နှင့် ကျွမ်းကျင်(၅) ရာထူးအတွက် GTHS(BT.EcT,ET,AMT,MT)/ ICT/TTCကျောင်းဆင်းများ လျှောက်ထားနိုင်ကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့ ကတည်းက လျှောက်လွှာများ ခေါ်ယူထားခြင်းဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်သူ၊ အသက်(၁၈)နှစ်ပြည့်ပြီး (၃၁.၁၂.၁၆)ရက်နေ့ တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်၊ ၀န်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ ကျွမ်းကျင်မှုဆိုင်ရာ ကာလတို၊ကာလရှည် သင်တန်းများ တက်ရောက်နိုင်သူများအနေဖြင့် (၆) လအတွင်း ရိုက်ထားသော ပတ်စပို့ ဓာတ်ပုံ(၃)ပုံ၊ဘွဲ့ လက်မှတ်၊ သင်တန်းဆင်းလက်မှတ်၊ (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ၊ (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နှင့် အကျင်းစာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့ ဖြင့် ဇန်န၀ါရီလ(၆)ရက်နေ့  နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး ဇန်န၀ါရီလ(၂၈)ရက်နေ့တွင် သက်ဆိုင်ရာဘာသာရပ်နှင့် ဇန်န၀ါရီလ(၂၉)ရက်နေ့ တွင် အင်္ဂလိပ်စာတို့ ကို ရေးဖြေစာမေးပွဲအဖြစ် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
"လျှောက်လွှာတွေကိုတော့ ကျွန်တော်တို့ ကျောင်းမှာလာပြီး ထုတ်ယူနိုင်ပါတယ်။ လျှောက်ထားဖို့ အတွက်က လူဦးရေမကန့်သတ်ထားပါဘူး။ လျှောက်လာသလောက်ကို ကျွန်တော်တို့ ကျောင်းမှာပဲ ရေးဖြေစာမေးပွဲလုပ်ပြီးတော့ ဒီမှာပဲ လူတွေ့ စစ်ဆေးသွားပါမယ်။ အမှန်ကတော့ ရန်ကုန်နဲ့  မန္တလေးမှာပဲ ဖြေရမှာပါ။ ကျွန်တော်တို့  ကျောင်းကကျတော့ နည်းနည်းဝေးတော့ ဒီမှာပဲဖြေနိုင်အောင် စီစဉ်လိုက်တာပါ။"ဟု ကျောင်းအုပ်ကြီး ဦးတေဇာထွန်းကပြောသည်။
ကျိုင်းတုံ အစိုးရနည်းပညာအထက်တန်းကျောင်းကို ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၀န်ထမ်းအင်အားအနေဖြင့် ရုံးဝန်ထမ်း (၈)ဦးနှင့် သင်ကြားရေးအတွက် ဆရာ၊ဆရာမ (၁၃)ဦးမှ ကျောင်းသား၊ကျောင်းသူ(၅၀)ဦးအား လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းနှင့် အခြေခံ အဆောက်အအုံ နည်းပညာသင်တန်းတို့ ကို ပညာသင်နှစ်(၂)နှစ်ဖြင့် သင်ကြားပေးနေကြောင်း သိရသည်။
ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~