တာချီလိတ်မြို့မှ မူးယစ်ဆေးစွဲ အိမ်ရာမဲ့စာရင်းတွင် အမျိုးသမီး သုံးပုံတစ်ပုံရှိနေ

တာချီလိတ်မြို့မှ မူးယစ်ဆေးစွဲ အိမ်ရာမဲ့စာရင်းတွင် အမျိုးသမီး သုံးပုံတစ်ပုံရှိနေ
ဇန်နဝါရီ 19, 2017
By Tachileik News Agency

Tachileik News Agency
တာချီလိတ်၊ ဇန်နဝါရီလ (၁၅) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင် အိမ်ရာမဲ့များကို စာရင်းကောက်ယူနေရာ သုံးရက်အတွင်း ကောက်ယူရရှိသည့်လူဦးရေ စုစုပေါင်း (၁၀၁)ဦးတွင် အမျိုးသမီးအရေအတွက် သုံးပုံတစ်ပုံပါဝင်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာချီလိတ်မြို့မသုသာန်မှာ နှစ်ကြိမ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှာ တစ်ကြိမ် စုစုပေါင်း (၃)ကြိမ်စာရင်းကောက်ရာမှာ အမျိုးသား(၇၀)ဦး နဲ့ အမျိုးသမီး(၃၁)ဦးတို့ရဲ့ အမည်တွေနဲ့ အချက်အလက်တွေ ရရှိလာပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
တာချီလိတ်မြို့မသုဿန်အတွင်းသို့ မူးယစ်ဆေးဝါး သုံးစွဲ၍ ရောက်ရှိနေထိုင်ကြသူများတွင် အသက်(၈)နှစ်အောက် ကလေးများရှိသည့် မိခင်များလည်းပါဝင်ကြောင်း သိရသည်။
"အခုတွေ့ရတဲ့အထဲမှာ မိသားစုလိုက်လည်းရှိသလို ယောကျာ်းထောင်ကျပြီး ဆေးစွဲသွားတဲ့ အမျိုးသမီးတွေလည်း တွေ့ရတယ်။ သူတို့ကိုမေးတဲ့အခါ သူတို့က ဆေးဖြတ်ချင်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ စာရင်းကောက်လာခဲ့တယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲကာ အိမ်ရာမဲ့ နေထိုင်သူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ညွှန်ကြားချက်ဖြင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းကူညီမှုဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့က စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
" ဆေးဖြတ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရကနေပြီးမှ ဆေးဖြတ်စခန်းတွေကို ပို့ပြီးမှ တစ်သုတ်ကို လူ (၃၀)မဟုတ်ရင်၊ (၄၀)သတ်မှတ်ပြီး ဆေးဖြတ်မယ်ပေါ့။ အဲဒီလို ဆေးဖြတ်ကာလအတွက် ကုန်ကျစရိတ်က ကျပ်သိန်း(၄၅) နဲ့ သိန်း(၅၀)လောက် ကုန်မှာ။ အဲဒီအတွက် အခု ရန်ပုံငွေရှာနေတယ်။ အဓိက ခရိုင်မြို့ကြီး (၇)မြို့မှာ ဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
စာရင်းကောက်သည့်ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့မသုသာန်တွင် ဇန်န၀ါရီလ(၁၀)ရက်နေ့က စာရင်းကောက်ယူရာ အမျိုးသား(၂၉)ဦး နှင့် အမျိုးသမီး(၁၆)ဦး၊ ဇန်န၀ါရီလ(၁၂)ရက်နေ့က သုသာန်အတွင်း ဆက်လက်၍ စာရင်းကောက်ယူရာ အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၃) နှင့် ဇန်န၀ါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စာရင်းကောက်ယူရာ အမျိုးသား(၂၂)ဦး နှင့် အမျိုးသမီး(၁၃)ဦး စုစုပေါင်း (၁၀၁)ဦး ၏ အမည်စာရင်းနှင့်အချက်အလက်များကို ရရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးစွဲလေလွင့်သူများ အများစုခိုလှုံနေသည့် တာချီလိတ်မြို့မသုဿန်အတွင်း စာရင်းလိုက်လံ ကောက်ယူရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~