ထိုင်းနိုင်ငံတွင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား ပုံမှန် ဗီဇာသက်တမ်းတိုးရမည့်ရက်ထက် စော၍ သက်တမ်းတိုးရမည်
Ko Zat - Tachileik News Agency
တာချီလိတ်၊ မတ်လ (၁) ရက်
ထိုင်းနိုင်ငံအတွင်း ဇူလိုင်လကုန်တွင် ဗီဇာသက်တမ်း (၄)နှစ်ပြည့်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မတ်လ(၁၈)ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုး စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ(AAC)မှ သိရသည်။
"အခု ဇူလိုင်လကုန်မှာ သက်တမ်းကုန်မယ့်၊ (၄)နှစ်သက်တမ်းပြည့်မယ့်၊ ပတ်စ်ပို့စာအုပ်တွေကို မတ်လ(၁၈)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာပါ။ ဇူလိုင်လအထိ သက်တမ်းရှိပြီး အကြောင်းအမျိုးမျိုးနဲ့ ဗီဇာသက်တမ်းမတိုးဖြစ်တဲ့ သူတွေကို ပန်းရောင်ကတ်ပြား (နေထိုင်ခွင့်)တွေ ပေးသွားမှာပါ"ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ(AAC)မှ ကိုရဲမင်းက ပြောသည်။
ယခုကဲ့သို့ သက်တမ်းပြည့် ဗီဇာများအား မတ်လ(၁၈)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရန် ဖေဖော်ဝါရီ(၂၃)ရက်နေ့တွင် ကျင်းပသော ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
သက်တမ်း(၄)နှစ်ပြည့်သွားသော ဗီဇာများအား (၂)နှစ်ပြည့် နေထိုင်ခွင့် ဗီဇာတိုးရန်အတွက် အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော ဈေးနှုန်းမှာ ဗီဇာအတွက် ဘတ်(၉၀၀)ဖြစ်ပြီး အလုပ် လုပ်ကိုင်ခွင့်(Work Permit)အတွက် ဘတ်(၂၀၀၀)နှင့် စာရင်းသွင်း လျှောက်လွှာတင်ခ ဘတ်(၁၀၀၀)ဖြစ်ရာ စုစုပေါင်းကုန်ကျစရိတ်(၃၉၀၀)ဘတ်ကျသင့်မည်ဖြစ်ကြောင်း မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီ(AAC)မှ သိရသည်။