အထူး

အထူး
မတ် 15, 2016
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း  မြန်မာ - ထိုင်း နယ်စပ်မျဉ်း မယ်ဆိုင်ချောင်းတိုက်စားမှုကြောင့် မြန်မာပိုင်ဧရိယာ ဆုံးရှုံးနေ
Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၁) ရက်

တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - ထိုင်း နယ်စပ်မျဉ်းအား ပိုင်းခြားထားသော မယ်ဆိုင်ချောင်း၏ ရေတိုက်စားမှုကြောင့် မြန်မာပိုင်ဧရိယာ မီတာ(၃၀၀)ကျော်ခန့် နှစ်စဉ်ဆုံးရှုံးနေရကြောင်း သိရသည်။

"မိုင်းဖုန်း(က)/(ခ)ကျေးရွာအုပ်စုထဲမှာ နှစ်စဉ်ရေတိုက်စားမှုကြောင့် မြန်မာပိုင်နယ်နိမိတ်တွေဆုံးရှုံးနေတာပါ။ ထိုင်းနိုင်ငံက သူတို့ပိုင်ကမ်းစပ်ကို မြေနိမ့်အောင်လုပ်ထားတယ်။
ကျွန်တော်တို့ပိုင် မြန်မာဧရိယာကျတော့ အမြင့်ပိုင်းဖြစ်နေတဲ့အတွက် ရေတိုက်စားတဲ့ဒဏ်ကိုခံရပြီး ဆုံးရှုံးနေတဲ့သဘောပါ"ဟု ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ယခုလက်ရှိ မိုင်းဖုန်း(က)အုပ်စု ဝေလှေလန်ကျေးရွာအနီးတွင် မီတာ(၃၅၉)မီတာခန့် ဆုံးရှုံးလျှက်ရှိပြီး ရေတိုက်စားမှုကြောင့် ဆုံးရှုံးသွားသော မြေများအတွင်း ဒေသခံရွာသားများ သွားရောက်ထွန်ယက်စိုက်ပျိုးပါက ထိုင်းအာဏာပိုင်အဖွဲ့အစည်းမှ မောင်းထုတ်တတ်ကြောင်း ၎င်းထံမှ သိရသည်။

ထိုင်းနိုင်ငံပိုင် ဧရိယာများတွင် မြေတားနံရံများ ပြုလုပ်ထားပြီး မြန်မာပိုင်ဧရိယာဘက်တွင် ပြုလုပ်ထားခြင်းမရှိသဖြင့် ရေတိုက်စားခံနေရခြင်းဖြစ်ကြောင်း သိရသည်။

"ဒါအရမ်းအရေးကြီးတဲ့ နှစ်နိုင်ငံကိစ္စဖြစ်နေပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့သူတို့လုပ်တာပါ။ အဲဒါကြောင့်ဒီကိစ္စကို အရင်ဆုံးကျွန်တော်တို့ဘက်က သက်ဆိုင်ရာလူကြီးတွေနဲ့ကျွန်တော်တို့တွေအားလုံး ၀ိုင်းဝန်းညှိနှိုင်းပြီးတော့ ဟိုဘက်ကမ်းက သက်ဆိုင်ရာလူကြီးတွေနဲ့လည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှသာ ကျွန်တော်တို့ မိတ်ဆွေမပျက် အဖြေထွက်ကာ ဖြေရှင်းနိုင်မယ့်အရေးကြီးတဲ့နှစ်နိုင်ငံ ကိစ္စတစ်ခုအဖြစ်မြင်မိပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

နှစ်နိုင်ငံပိုင် နယ်နိမိတ်ဖြစ်သော မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ထိုင်းနိုင်ငံသားများ၏ နေအိမ်များကို ချောင်းဧရိယာမြေများတွင် အုတ်တံတိုင်းခတ်ကာ အခိုင်အမာတည်ဆောက်ခြင်း၊ ထိုင်းနိုင်ငံသား လယ်သမားက ၎င်းတို့လယ်မြေအနီးရှိ ကမ်းစပ်များတွင် မြေဖို့၍ တားဆီးထားခြင်းတို့ကြောင့် ရေစီးကြောင်း အနိမ့်ပိုင်းဖြစ်သည့် မြန်မာဘက်ကမ်းအား ထိုးဆင်းသွားကာ မြန်မာဘက်ကမ်းမှ မြေသားများ တိုက်စားခံနေရခြင်းဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်ချောင်း ရေတိုက်စားတာက နယ်နိမိတ်တစ်လျှောက်ပဲ။ တာချီလိတ်မြို့ ဧရိယာထဲမှာတောင် တွေ့ရတယ်။ တာချီလိတ်မြို့ပေါ်ရပ်ကွက်က မယ်ခေါင်တို့ ပါလျှံတို့မှာသွားကြည့်လိုက် နယ်နိမိတ်တိုင်တွေက ဟိုဘက်၊ ဒီဘက်ရောက်နေတာတွေ့နေရတယ်။ ဒါကို ရှမ်းမြောက်က နမ့်ခမ်းမှာဖြစ်တဲ့ပြဿနာလို နောက်ပိုင်း  မဖြစ်စေချင်ရင် နှစ်နိုင်ငံ အစိုးရအဖွဲ့အစည်းတွေ စောစောစီးစီးကတည်းက ညှိနှိုင်း သင့်တယ်"ဟု တာချီလိတ် ဒေသခံ တစ်ဦးက ပြောသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်နိမိတ်အား ပိုင်းခြားထားသည့် မယ်ဆိုင်ချောင်းသည် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းဒေသ၊ ၀မ်ဟိုကျေးရွာအနီးမှ မြစ်ဖျားခံလျှက် စီးဆင်းလာပြီး တာချီလိတ်မြို့ နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေ(၃) ရပ်ကွက်များ အား ဖြတ်သန်းကာ မယ်ဟုတ်ချောင်းနှင့် ပူးပေါင်းလျှက် ရွှေတြိဂံဒေသဖြစ်သည့် ထိုင်း - မြန်မာ - လာအို(၃)နိုင်ငံနယ်နိမိတ်ဖြစ်သော မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည့် ချောင်း ဖြစ်ပြီး ကီလိုမီတာ(၄၀)ခန့်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net