တနင်္သာရီတိုင်းအတွင်း ကိုယ်ပိုင်အထက်တန်းကျောင်း ၅ကျောင်း ဖွင့်လှစ်ထား
Tachileik News Agency
ထားဝယ်၊ ဇန်နဝါရီလ (၁၁) ရက်
တနင်္သာရီတိုင်းအတွင်း ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်သင်ကြားနေသော ကျောင်းမှာ ၅ကျောင်းရှိပြီး ထပ်တိုးဖွင့်လှစ်ရန်လျှောက်ထားမှုမရှိသေးကြောင်း ထားဝယ်မြို့ တိုင်းဒေသကြီးပညာရေးမှူးရုံးမှသိရသည်။
“ ကိုယ်ပိုင်အထက်တန်းကျောင်းက လာမယ့်ပညာသင်နှစ်အတွက် လျှောက်မယ်ဆိုရင်တောင် မမှီတော့ဘူး။ လက်ရှိတော့ အရင်နှစ်တွေကဖွင့်ထားတဲ့ကြောင်းတွေရှိတယ်။ နောက်ထပ်လျှောက်တဲ့ ကျောင်းတော့မရှိဘူး။ ကျောင်းဖွင့်ဖို့က ပညာသင်နှစ်မစခင် ငါးလကြိုတင် လျှောက်လွှာတင်ရတာဆိုတော့ အခုချိန်မှဆိုလည်း လျှောက်လို့မရတော့ဘူး” ဟု တနင်္သာရီတိုင်း ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်စိန်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း ကိုယ်ပိုင်ကျောင်းဖွင့်လှစ်မှုမှာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တစ်ကျောင်းရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင်ထပ်တိုး ၄ကျောင်းဖွင့်လှစ်လာခဲ့ကြောင်းနှင့် ကိုယ်ပိုင်ကျောင်းဖွင့်လှစ် လိုသူများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှသတ်မှတ်သောစည်ကမ်းချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်ကျောင်းများသည် သိပ္ပံဘာသာရပ်များအတွက် အသုံးပြုမည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သင်ကြားရေးသင်ထောက်ကူပစ္စည်းများ ဖြည့်စွက်သင်ကြားရေးအတွက် အခန်းကျယ်(သို့) ကွင်းပြင်/မြေလွတ်ရှိကြောင်း ပညာရေးဝန်ကြီးဌာနသို့အတိအကျ တင်ပြရမည်ဖြစ်ကြောင်းနှင့် အစိုးရစစ်ဖြစ်သော စတုတ္ထတန်း၊ သတ္ထမတန်း နှင့်ဒဿမ တန်း မေးခွန်းများကိုမြန်မာနိုင်ငံစာစစ်ဌာနမှ သက်မှတ်ပေးသည့်ကျောင်းများတွင် ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
“ ကိုယ်ပိုင်အထက်တန်းကျောင်းတွေပေါ်လာတာက သင်ကြားရေးပိုင်းတွေမှာ ဂရုစိုက်တယ်ဆိုတော့ ကလေးတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို လက်လုပ်လက်စား ၀န်ထမ်း တွေကတော့ အစိုးကျောင်းကိုပဲ အားထားရတယ်။ အခုဆိုရင်အစိုးရကျောင်းတွေလည်း သင်ကြားရေး ကောင်းလာပါတယ်” ဟု ဒေသခံအစိုးရ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။
ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်သူများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းများ ဖြစ်သော စာသင်ကြားသည့်နေရာအတွက် အထက်/လယ်တန်းကျောင်းသားတစ်ဦးအတွက် (၁၈)စတုရန်းပေ၊ မှုလန်းကျောင်းသား တစ်ဦးအတွက်(၁၂) စတုရန်းပေရှိရန်၊အထက်/အလယ် ကျောင်းသားစာသင်ခန်းအတွက် အကျယ်(၃၆၀)စတုရန်းပေနှင့် ကျောင်းသားဦးရေ(၄၀)၊မှုလတန်းအတွက်(၂၄၀)စတုရန်းပေတို့ရှိရမည်ဖြစ် ကြောင်းသိရသည်။
လက်ရှိတနင်္သာရီတိုင်းအတွင်း ကိုယ်ပိုင်အထက်တန်းကြောင်းဖွင့်လှစ်ထားရှိမှုစာရင်းမှာ ထားဝယ်ခရိုင်အတွင်း ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခု၊ မြိတ်ခရိုင်အတွင်း ကိုယ်အပိုင်အထက်တန်း တစ်ကျောင်းနှင့် အလယ်တန်းကျောင်းတစ်ခု၊ ကော့သောင်း ခရိုင်အတွင်း ကိုယ်ပိုင်အလယ်တန်း ကျောင်း(၂)ကျောင်း ရှိနေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ