ရှမ်းပြည်နယ်အတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း လွန်ကဲသောအဆင့်(Extreme Level) ရောက်နေသဖြင့် ကာယလုပ်သားများ၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ အလုပ်လုပ်ကိုင်သူများ ရေဓာတ်ခမ်းခြောက်မှုလက္ခဏာနှင့် အရေပြားရောဂါများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူများထံမှ သိရသည်။
"နေပူထဲမှာ အလုပ်လုပ်နေတဲ့သူတွေဆို အရေပြားမှာ အနီစက်တွေဖြစ်လာတတ်တယ်။ နောက်ပြီး တင်းတိတ်တို့လိုမျိုးတွေထွက်လာတတ်တယ်။ အလုပ်ကြမ်းလုပ်တဲ့သူတွေဆို ရေဓာတ်ခမ်းခြောက်လို့ သွေးပေါင်ကျပြီး မူးတာတွေဖြစ်နိုင်တယ်"ဟု တာချီလိတ် စေတနာဆေးခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က ပြောသည်။
တာချီလိတ်တွင် အလုပ် လုပ်ကိုင်လျှက်ရှိသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစုမှာ ပန်းရံ၊ သံချည်သံကွေးနှင့် လက်သမားအလုပ်များ လုပ်ကိုင်လျှက်ရှိရာ အပူဒဏ်လွန်ကဲသည့် အယ်နီညို(El Niño)ရာသီဥတု ထုတ်ပြန်ထားသဖြင့် ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေရန်နှင့် နေပူအတွင်း ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခြင်းအား ရှောင်ရှားသင့်ကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။
မတ်လ(၁၅)ရက်နေ့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ ရှမ်းပြည်နယ်အတွင်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး (Extreme Level)ဖြစ်ပေါ်လျှက်ရှိသည်ဟု ထုတ်ပြန်ထားကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်ထံမှ သိရသည်။
"အပူချိန်လွန်ကဲတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့အတွက် ကလေးတွေနဲ့ လူကြီးတွေ သတိထားသင့်တယ်။ ကလေးတွေက အဆော့လွန်ပြီး ရေဓာတ်ခမ်းလို့ မူးလဲတာတို့ အပူရှပ်ပြီးဖျားတာတွေဖြစ်နိုင်တယ် ။လူကြီးတွေကတော့ သွေးတိုးတွေဘာတွေရှိရင် ပိုဆင်ခြင်သင့်တယ်"ဟု တာချီလိတ်မြို့ အောင်ဆေးခန်းပိုင်ရှင် ဒေါက်တာ မြင့်အောင် ပြောသည်။
တာချီလိတ်မြို့တွင် ယခင်နှစ်များအတွင်း နေ့အပူချိန်(၃၄)ဒီဂရီစင်တီဂရိတ်သာရှိသော်လည်း ယခု မတ်လ ဒုတိယပတ်အတွင်း နေ့အပူချိန် (၃၈)ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာကြောင်းနှင့် အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထိ ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေ၀သခန့်မှန်းသည့် အင်တာနက်ဝက်ဆိုဒ်များ မှ သိရသည်။