ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ကျိုင်းတုံနည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရသူများအား ဘွဲ့ပေးအပ်နှင်းစဉ်တွင် မီဒီယာများမှ သတင်းဓာတ်ပုံရိုက်ခွင့်မရဘဲ အပြင်မှသာ ဓာတ်ပုံရိုက်ခဲ့ရကြောင်း သိရသည်။
"ဘွဲ့ရသူတွေကို ဘွဲ့ပေးတဲ့အချိန်မှာ ဘွဲ့ပေးတဲ့ ခန်းမထဲမှာရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူတို့ ဓာတ်ပုံရိုက်တာ အနှောင့်အယှက်ဖြစ်တဲ့အတွက် ကျွန်တော့်ကို သတင်းဓာတ်ပုံ ရိုက်ခွင့်မပေးပါဘူး ဓာတ်ပုံလိုချင်ရင် နောက်မှပေးမယ်လို့ ပြောပါတယ်"ဟု သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ကျောင်းရဲ့ စီမံအဖွဲ့နဲ့ညှိပြီးတော့ ဒီပွဲဖြစ်မြောက်ရေးအတွက် ဓာတ်ပုံဆရာများကို ခေါ်ခဲ့တာပါ ကန်ထရိုက်ပေးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မီဒီယာတွေကျတော့ ကျွန်တော်တို့ကို ကြိုပြောရမှာပေါ့၊ မဟုတ်ရင် ပွဲမှာ အဆင်မပြေမှုတွေဖြစ်လာမှာ ဆိုးလို့ပါ"ဟု ကျိုင်းတုံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သာထွန်းက ဆိုသည်။
အဆိုပါ ဘွဲ့နှင်းသဘင်တွင် HD Forever Digital Photo and Videoမှ ဓာတ်ပုံဆရာများက တာဝန်ယူကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပြီး အဆိုပါပွဲအတွက် ဓာတ်ပုံရိုက်ကူးရန် ကန်ထရိုက်ယူထားသည် ဟုဆိုကာ အခြားသော Camera များကိုလည်း တစ်လုံးလျှင် (၃၀၀၀)ကျပ် ကောက်ခံခဲ့ကြောင်းသိရသည်။