ဖီးနစ် - Tachileik News Agency
ရေနံချောင်း၊ နိုဝင်ဘာလ ( ၉ ) ရက်
မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေးဒေသများဖြစ်သည့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ကြူတောကျေးရွာများမှာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများရွှေ့ပြောင်းလိုက်ရပြီး ပြန်လည်တည်ဆောက်ရန် မြေနေရာနှင့် ငွေကြေးမရှိ၍ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
“မြစ်ကမ်းပါးပြိုကျနေတာဟာ ကြောက်ခမန်းလိလိပါပဲ။ တဝုန်းဝုန်းနဲ့ပြိုကျနေတာ။ တစ်ညထဲမှာတင် ကျေး ရွာတစ်လျှောက် မြစ်ကမ်းပါးအတိုင်း အလျားပေရှစ်ရာကျော်လောက်နဲ့ ကျေးရွာတွင်းထိကို ရေ အတောင်(၃၀) လောက်တိုးပြီး တိုက်စားပြိုကျသွားတယ်” ဟု ကြူတောကျေးရွာနေ ဦးဝင်းအောင်ကပြောသည်။
လက်ရှိတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်အချို့ကိုဖြိုဖျက်၍ ဘေးလွတ်ရာသို့ ရွေှ့ပြောင်းစုပုံထားရပြီး ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းကတည်းက မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ရွေှ့ပြောင်းခဲ့ရသည်မှာ အိမ် အလုံး(၈၀)ခန့်မှ အိမ်ထောင်စု(၆၀)ခန့်မှာ နေအိမ်များပြန်လည်တည်ဆောက်ရန် မြေနေရာမရှိ၍ ပစ္စည်းများ စုပုံထားရဆဲဖြစ်ကြောင်း သိရသည်။
ကြူတောကျေးရွာတွင် အိမ်ခြေ(၁၆၈) အိမ်ရှိပြီးလူဦးရေ (၆၅၀) ကျော် မှီတင်းနေထိုင်လျှက်ရှိရာ ရွာလူဦးရေ၏ သုံးပုံနှစ်ပုံခန့်က တောင်သူများနှင့် ကျန်လူဦးရေမှာ လက်လုပ်လက်စား အလုပ်သမားများဖြစ်ကြကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုသည့်အထဲတွင် အိမ်ဝိုင်းခြံမြေများနှင့် လုပ်ကိုင်စားသောက်ရသည့် ကိုင်းမြေကွက်များ ပါသွား သောကြောင့် စားဝတ်နေရေးအခက်အခဲအပြင် ပညာရေးတွင်ပါ ထိခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စုအတွင်းမှ ဘိုကုန်းကျေးရွာ၊ ရေပေါ်ကျွန်းတောင်ရွာနှင့် မြောက်ရွာ တို့တွင်လည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွာလုံးကျွတ်ရွေှ့ပြောင်းနေကြရပြီး ချောက်မြို့နယ် ဥယျာဉ်အုပ်စု ရေလယ်မြောက်ရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ(၁၀၀)ကျော်ခန့်မှာ ရွာလုံးကျွတ် ရွှေ့ပြောင်း ရသော်လည်း နိုင်ငံတော်၏မြေဂရန်ချထားပေးပြီး စလေမြို့၏တောင်ဘက်သို့ ရွေှ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။