ဈေးကွက်အေးနေသည့် ကျောက်မဲဆိုင်ကယ်ဈေးကွက် နှစ်ဆန်းပိုင်းတွင် ပြန်သွက်လာ

ဈေးကွက်အေးနေသည့် ကျောက်မဲဆိုင်ကယ်ဈေးကွက် နှစ်ဆန်းပိုင်းတွင် ပြန်သွက်လာ
ဇန်နဝါရီ 18, 2017
By Tachileik News Agency

Tachileik News Agency
ကျောက်မဲ၊ ဇန်နဝါရီလ (၁၁) ရက်
၂၀၁၆ ခုနှစ်အတွင်း ဈေးကွက်အေးနေသည့် ကျောက်မဲဆိုင်ကယ်ဈေးကွက်တွင်၂၀၁၇ ဇန်နဝါရီလအစပိုင်းမှစတင်၍ အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက အဝယ်မရှိသလောက် ဖြစ်သွားခဲ့တာ ဒီနှစ် နှစ်စကနေစပြီး အရောင်းအဝယ် ပြန်ဖြစ်လာတယ်။ တစ်ရက် ၃ စီးလောက်ထိ အများဆုံးရောင်းရတယ် “ဟု ကျောက်မဲမှ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုအောင်သန်းက ပြောသည်။
ဇန်နဝါရီလ အစပိုင်းမှစ၍ ကျပ်လေးသိန်းဝန်းကျင် အိတ်ဇော ( ၂ )ခုပါသည့် CZI 120 CC ( ဝမ်းတူးဖိုက် ) အမျိုးအစား ဆိုင်ကယ်များ ဝယ်ယူသူများပြားလာကြောင်း သိရသည်။
တောင်ပေါ်ဒေသမှ လာရောက်ဝယ်ယူသူများမှာ ယခင်လက်ဟောင်း ဝမ်းတူးဖိုက်ဆိုင်ကယ် ( R )များကို ဝယ်ယူမှုများကြောင်း သိရသည်။
“ ပုံစံပြောင်းထားတဲ့ ဘီးတွေကတော့ လူငယ်တွေအကြိုက်ပေါ့။ တောင်ပေါ်ဒေသတွေမှာကျတော့ အရင်လက်ဟောင်းဘီး ဝမ်းတူးဖိုက်တွေကိုပဲ သုံးကြတယ်။ တောင်ပေါ်ဒေသခံတွေက အဓိကဝယ်သူတွေပဲ မြို့ပေါ်ကလူတွေက တစ်နှစ်နေမှ တစ်စီးတောင်မဝယ်ဘူးလေ။ ဒါကြောင့် တောင်ပေါ်ဒေသကြိုက်တွေပဲ များသောအားဖြင့် ရောင်းရတယ်”ဟု ဆိုင်ကယ် ပွဲစားတစ်ဦးဖြစ်သူ ကိုထွန်းဦးက ပြောသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများမှ စတင်၍ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းတွင် အရောင်းအဝယ်နည်းပါးသွားခဲ့ပြီး ၂၀၁၇ နှစ်စမှ သာ ပြန်လည်ဦးမော့လာခြင်းဖြစ်ကြောင်း ဆိုင်ကယ်ဈေးကွက်မှသိရသည်။
“အရင်ကလို တစ်ရက် လေးငါးစီး ရောင်းရ လောက်အောင် အရမ်းမကောင်းလာသေးပေမဲ့ အရောင်းဝယ်မဖြစ်တဲ့ အချိန်တွေထက်တော့ သာတာပေါ့။ ခုနောက်ပိုင်းကတော့ ရောင်းရလိုက် နားလိုက်ပဲ “ ဟု ဆိုင်ကယ်ရောင်းချသူ တစ်ဦးက ပြောသည်။
ပုံမှန်အားဖြင့် ကျောက်မဲနှင့် အနီးအနားဒေသ များရှိ တောင်ပေါ်ဒေသခံများ၏ အဓိကစီးပွားရေး များ ဖြစ်သည့် လက်ဖက် နှင့် ပြောင်းစိုက်ပျိုး ရောင်းချရေးလုပ်ငန်းများ ငွေပေါ်ချိန်များဖြစ်သည့် သီတင်းကျွတ်ကာလများတွင် ဆိုင်ကယ် ရောင်းချရမှုအများဆုံး ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~