မြန်မာနိုင်ငံ၏ တရားဝင် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည့် NCX Myanmar ကုမ္ပဏီ ၏ (၉၂)ဆိုင်မြောက်အဖြစ် စိုင်းတီ Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း နှင့် Service Center ကို တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာတိုက်တန်းတွင် ဖွင့်လှစ်ရာ စတင်ဖွင့်လှစ်ခြင်းအဖြစ် ဇန်န၀ါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
စိုင်းတီ Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း နှင့် Service Center အား ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊ NCX Myanmar ကုမ္ပဏီ နှင့် စိုင်းတီ Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း နှင့် Service Center တို့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ တင်သွင်းဖြန့်ဖြူးပေးနေသည့် မော်တော်ဆိုင်ကယ်များတွင် ထိုင်းနိုင်ငံထုတ် Honda မော်တော်ဆိုင်ကယ်များထဲမှ Click, Scoopy, Dream 125 နှင့် ဗီယက်နမ်နိုင်ငံထုတ် Wave 100 အမျိုးအစားများပါဝင်ကြောင်း နှင့် မော်တော်ဆိုင်ကယ် ဝယ်ယူသူများကို (၁)နှစ်အာမခံဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
NCX Myanmar ကုမ္ပဏီမှ Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း နှင့် Service Centerများကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်လိုက်သည်မှာ တာချီလိတ်မြို့အပါအဝင် (၉၂)ဆိုင်မြောက်ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပထမဆုံးအဖြစ် ကျိုင်းတုံတွင် လည်းကောင်း၊ ဒုတိယအဖြစ် တာချီလိတ်တွင် လည်းကောင်း ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။